Home
မြန်မာသတင်း
လုံခြုံရေးတင်းကျပ်ထားသည့် ဘားအံမြို့တွင် အသံဗုံး ၂ လုံးပေါက်ကွဲ
DVB
·
February 10, 2023
329821139_769767127491074_4215531803536649838_n

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၆ နာရီလောက်က အသံဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

ဇန်နဝါရီလနောက်ဆုံးပတ်ကစတင်ပြီး ဘားအံမြို့အထိ မြို့တွင်းတိုက်ပွဲတွေဆင်နွှဲလာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီက  မြို့ဝင်မြို့ထွက်လုံခြုံရေးတင်းကျပ်ထားသလို လူစည်းကားရာနေရာနဲ့ လမ်းဆုံလမ်းဂွတွေကို CCTV ကနေ စောင့်ကြည့်နေတဲ့ကြားက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ဗုံးပေါက်ကွဲခဲ့တဲ့ အမှတ် ၃ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဧည့်စာရင်းစစ်ဆေးတာ၊ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ပူးပေါင်းကူညီနေတာတွေနဲ့ ရပ်ကွက်ပြည်သူတွေ ဧည့်စာရင်းတိုင်ကြားရာမှာ ခြိမ်းခြောက် အနိုင်ကျင့်ပြီး အတင်းအဓမ္မငွေတောင်းယူတာတွေလည်း ရှိတယ်လို့ ရပ်ကွက်ပြည်သူတွေက ပြောပါတယ်။

ရပ်ကွက်ပြည်သူတစ်ဦးက"‌ဗုံးပေါက်ကွဲတာ အသံအကျယ်ကြီးပဲ။ အိမ်တောင်တုန်တယ်။ မနက်အစောကြီးပဲ လူတွေသွားသွားလာလာမရှိချိန် ပေါက်ကွဲတာ။ လူတွေ ထိခိုက်တာမရှိဘူး။ ဗုံးခွဲပြီး အုပ်ကြီးကို သတိပေးတာဖြစ်မယ်။ ရပ်ကွက်ရုံးက နာမည်ဆိုးတွေထွက်နေတာ ကြာပြီ"လို့ ဆိုပါတယ်။

ဘားအံမြို့မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ကား၊ ဆိုင်ကယ်နဲ့ လူတွေကို တားဆီးစစ်ဆေးရာမှာ လူငယ်တွေကို ပစ်မှတ်ထားပြီး အဓိကစစ်ဆေးနေတာဖြစ်ပြီး မတရားဖမ်းဆီးခံရာတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက် ည ၇ နာရီလောက်က ဘားအံမြို့နယ်၊ သာမည(ဘေးမဲ့သာသနာ့နယ်မြေ)ကျေးရွာမှာ  စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မြတ်ကို အမည်မသိလက်နက်ကိုင် ၃ ဦးက နေအိမ်ရှေ့မှာ သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024