ကရင်ပြည်နယ် ဘားအံမြို့၊ ကန်သာယာ(ညစျေး)မှာ Generation-Z တွေက စစ်အာဏာရှင်လက်ချက်နဲ့ ကျဆုံးသွားသူတွေအတွက် ဆန္ဒပြ အောက်မေ့ဖွယ်ဆုတောင်းပွဲကို ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဆုတောင်းပွဲကို ဘားအံ Generation-Z တွေက ဦးဆောင်ပြီး အင်အားသိန်းချီတဲ့ ဆန္ဒပြ သပိတ်စစ်ကြောင်းက စစ်အာဏာရှင်လက်ချက်နဲ့ မမြသွဲ့သွဲ့ခိုင်နဲ့အတူ ကျဆုံးသွားသူတွေအတွက် ၁၀ မိနစ် ငြိမ်သက်ပြီး ဆုတောင်းခဲ့ပါတယ်။
"ကျနော်တို့ အနာဂတ်တွေက လွတ်လွတ်လပ်လပ် ရှင်သန်ဖို့ လိုတယ်။ ကျနော်တို့ စစ်ဖိနပ်အောက်မှာ ဆက်ပြီးမနေနိုင်ဘူး။ ကျနော်တို့က လူငယ်တွေပါ။ အနာဂတ်အတွက် တိုက်ပွဲဝင်နေတာ။ ဒီလိုစစ်အာဏာသိမ်းမှုဟာ ကျနော်တို့မျိုးဆက်မှာ ဒါနောက်ဆုံးဖြစ်စေရမယ် "လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ တစ်ဦးက ဆိုပါတယ်။
ဆန္ဒပြသပိတ်စစ်ကြောင်းဟာ နာရီစင်စုရပ်ကနေ စတင်ထွက်ခွာပြီး အထက ၁ ကျောင်းလမ်းအတိုင်း ကြွေးကြော်သံတွေနဲ့အတူ ကန်သာယာ(ညစျေး)အထိ ချီတက်ကာ ဂုဏ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့တာပါ။
ဘားအံ Generation-Z ဆန္ဒပြသပိတ်စစ်ကြောင်း ချီတက်ရာ လမ်းကြောင်းတလျောက် ဘုရားငွေနဲ့ ပေးတဲ့လစာ ယူရဲလား၊ ဘုရားငွေနဲ့ ရုံးတက်ရတာ မရှက်ဘူးလား၊ ဘုရားငွေနဲ့ စျေးဝယ်ရင် ရှောင်ကြဥ်ကျပါ ရောင်းမပေးနဲ့ လူကောင်းရုန်းထွက် သူခိုးရုံးတက်စတဲ့ ကြွေး ကြော်သံတွေနဲ့ စီးတန်းလှည့်လည်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်မှာလုပ်မယ့် CDM အောင်မြင်ရေး တပြည်လုံး သပိတ်မှောက်နေ့ကို ပူးပေါင်းပါဝင်ပေးဖို့ ဘားအံ Generation-Z တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။