စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ General Strike Committee (GSC) ကို နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်း အပါအဝင် အင်အားစု ၂၅ ခုနဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
အခုအခါ စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု အရှိန်အဟုန်ကောင်းနေပြီး ပိုအားကောင်းဖို့ လိုအပ်နေတာကြောင့် ဟန်ချက်ညီ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ အခုလို ဖွဲ့စည်းတာဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးဆိုတဲ့ ဘုံတူညီချက်တွေကို အခြေခံဖွဲ့စည်းတာဖြစ်ပါတယ်။
အထွေထွေသပိတ်ကော်မတီဟာ ဒေသအလိုက် သပိတ်ကော်မတီတွေ ဖွဲ့စည်းဖို့၊ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ကူညီပံ့ပိုးဖို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲတွေ စုပေါင်းဖော်ဆောင်နိုင်ရေး၊ တိုက်ပွဲအရှိန်အဟုန်ကို ထိန်းညှိရေး၊ လူထုလှုပ်ရှားမှုတွေကို စုပေါင်းကိုယ်စားပြုရေး လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
အထွေထွေသပိတ်ကော်မတီဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြည်သူလူထုရဲ့ ဆန္ဒအဖြစ် တရားဝင်မှု (legitimacy) အရ အသိအမှတ်ပြုပြီး စစ်အာဏာရှင်စနစ်ကို ဦးတည်တိုက်ဖျက်မယ်လို့ ဆိုပါတယ်။
ပြီးတော့ စစ်အာဏာကို တရားဝင် ခွင့်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းနိုင်တဲ့အထိ ကြိုးစားမှာဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးကို လိုလားတယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။
ကော်မတီအနေနဲ့ ဖမ်းဆီးခံခေါင်းဆောင်တွေ လွတ်မြောက်ရေးကို အစဉ်တစိုက် တောင်းဆိုမှာလည်း ဖြစ်ပါတယ်။
ဒီကော်မတီကို ရွှေဝါရောင်သံဃာကွန်ယက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး ဆေးတက္ကသိုလ်ပေါင်းစုံ သပိတ်ကော်မတီ၊ အင်ဂျင်နီယာသပိတ်ကော်မတီ၊ ၈၈ ကရင်မျိုးဆက်ကျောင်းသားများ၏လူမှုဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ ရန်ကုန်ရှေ့နေများ သပိတ်ကော်မတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နဲ့ တောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ် စတဲ့အဖွဲ့တွေအပါအဝင် အင်အားစု ၂၅ ခုနဲ့ ဖွဲ့စည်းခဲ့တာပါ။