မန္တလေးတိုင်း သာစည်မြို့မှာ ဖေဖော်ဝါရီ ၁၈ ရက်မနက်က မန္တလေးကနေထွက်လာတဲ့ (RBE) ကားရထား သာစည်ဘူတာမဝင်ဖို့ ဒေသခံ လူအင်အား ၃၀၀၀ကျော်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတစ်ဦးက"သာစည်က မီးရထားဝန်ထမ်းအတော်များများက CDMလုပ်ထားတာပါ။ အဲဒါကြောင့် CDM ဝန်ထမ်းတွေကို ကာကွယ်ရင်း ကားရထားကို ဘူတာမှာ မဝင်ဖို့ ဆန္ဒပြနေတာပါ။ ရထားတွဲတစ်တွဲပဲပါတဲ့ ကားရထားပေါ်မှာ ရဲဝန်ထမ်း ၅၀နဲ့ မန္တလေးမီးရထားရုံးက ဝန်ထမ်း ၃ ဦး ပါတယ် သိရတယ်"လို့ ပြောပါတယ်။
သာစည်ဘူတာအဝင်မြောက်ဘက်ထိပ်ပွိုင့်အလံပြမှာ ကားရထားရပ်ထားရပြီး လူထုက သာစည်ဘူတာဟာ CDMလုပ်ထားတာကြောင့် ကားရထားကို သာစည်ဘူတာကို ဝင်မလာဖို့ သံပုံးတီးတားမြစ်ကြတာပါ။
လူထုအင်အား ၃၀၀၀ကျော်နဲ့ ကားရထားကိုတားမြစ်ထားတာကြောင့် မိတ္ထီလာခရိုင်က ဒိုင်းကိုင်ဆောင်ထားသည့်ရဲတွေ ရောက်လာကာ ကားရထားတစ်လုံးကို အကာအကွယ်ပေးပြီး တဖြည်းဖြည်း သာစည်ဘူတာထဲကို ဝင်ရောက်နိုင်ခဲ့ပါတယ်။ သာစည်ဘူတာထဲမှာ ၁၀ မိနစ်လောက်နေပြီး ညနေ ၄ နာရီခွဲလောက်မှာ မန္တလေးဘက်ကို ပြန်မောင်းသွားခဲ့ပါတယ်။ သာစည်ပြည်သူလူထုက ကားရထားကို သံပုံးတီးခဲ့တာ ၅ နာရီကြာခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း