ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအုပ်စု သရက်ပင်ချောင်းကျေးရွာနေ ဖေဖော်ဝါရီ ၁၇ ရက်မနက်က တောထဲ ဟင်းသွားရှာတဲ့ အမျိုးသားတဦး ကားလမ်းနံဘေးမှာ မြေမြုပ်မိုင်းအားနင်းမိပြီး ညာဘက်ခြေသလုံး ပြတ်ထွက်သွားတယ်လို့ သိရပါတယ်။
မိုင်းနင်းမိဒဏ်ရာရရှိခဲ့တဲ့ ဦးသိန်းဌေးကို ကမ်းထောင်းကြီးမြို့ဆေးရုံမှာ အရေးပေါ်ဆေးကုသပေးနေပြီး စစ်တွေဆေးရုံ ပို့ဆောင်ဖို့ လိုအပ်နေတယ်လို့ ကမ်းထောင်းကြီးမြို့ရှိ ရက္ခဒါနဖောင်ဒေးရှင်း တာဝန်ရှိသူ ဦးမောင်အေးသာက ဒီဗီဘီကို ပြောပါတယ်။
“ညာဘက်ခြေသလုံးပြတ်ထွက်သွားတဲ့အတွက် အခုကမ်းထောင်းကြီးဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံနေရတယ်။ ဆရာဝန်ပြောတာကတော့ သူကိုစစ်တွေကို ချက်ချင်း ပို့မရသေးဘူး၊ သူ့ကိုလိုအပ်တဲ့ကုသမှုတွေပေးပြီးတော့မှ စစ်တွေကို ပို့ပေးရမယ်။ အခုလောလောဆယ် ပို့မယ်ဆိုရင် သူ့အတွက်အသက်အန္တရာယ်စိုးရိမ်ရတယ်ပေါ့။ အခုတောင် သူ့ကို အောက်ဆီပေးထားရတယ်၊ သူ့ကိုနည်းနည်းစိတ်ချရတဲ့အခါမှ စစ်တွေကို ပို့လို့ရမယ်ပေါ့။”
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုမရှိဟာ ၂ လကျော်ကြာပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့ အမ်း-စစ်တွေကားလမ်းမတစ်လျှာက်နဲ့ အငူမော်၊ ခမောင်းဆိပ်ကျေးရွာသွားလမ်းတွေမှာ တပ်မတော်က မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ မြေမြှုပ်မိုင်းဒဏ်ကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦးကျော်ရှိတယ်လို့ လူမှုရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးလွင်က ပြောပါတယ်။