နေပြည်တော်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ အခြေခံပညာ ကျောင်းသားအယောက် ၃၀ လောက်ကို ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်မနက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အချုပ်ထောင်ဆီကို ခေါ်ဆောင်သွားပါတယ်။
“ရွှေကြာပင် အထက ၁၄ ကျောင်းသားတွေက လမ်းလျှောက်ပြီးတော့ စည်ပင်သာယာ အဆင့်မြင့်ဈေးရှေ့ကို သွားတယ်။ နာရီဝက်လောက် (ဆန္ဒ) ပြပြီးတော့ ပြန်လာတယ်။ ကျနော်တို့က သူတို့ကို ကားနဲ့သွားကြိုနေတုန်းမှာ ဖမ်းသွားတာ။ စုစုပေါင်း အယောက် ၃၀ ပါ။ ယောင်္ကျားလေးတွေချည်းပါပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဖမ်းခံရသူတွေဟာ ၁၀ တန်းကျောင်းသားတွေဖြစ်ပြီး သူတို့ကို နေပြည်တော် အချုပ်ထောင်ကို ခေါ်သွားတာကြောင့် ကျောင်းသားမိဘတွေနဲ့ ပြည်သူတွေက အကျဉ်းထောင် ရှေ့ကိုသွားပြီး လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။
ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးသူတွေ အများအပြားပါဝင်နေတဲ့အတွက် ချက်ချင်းပြန်လွှတ်ပေးဖို့ ရှေ့နေက ပြောဆိုရာမှာ တာဝန်ကျ အကျဉ်းဦးစီးဌာန အရာရှိတစ်ဦးက အထက်ကို တင်ပြပေးမယ့်အကြောင်းနဲ့ ဥပဒေအတိုင်းဆောင် ရွက်ပေးမှာဖြစ်တယ်လို့ တုံ့ပြန်ပြောပါတယ်။