ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ထွေအုပ်စာရေးကို မြို့နယ်အုပ်ချုပ်ရေးမှူက တာဝန်မှယာယီရပ်နားခဲ့ပြီးနောက် ထွေအုပ်ဝန်ထမ်း ၁၅ ဦး CDM မှာ ထပ်မံပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။
ညောင်လေးပင်မြို့နယ်၊ ကုန်းအင်းကျေးရွာအုပ်စုမှ ရပ်ကျေးစာရေး ကိုအောင်ကိုလတ်ဟာ ဖေဖော်ဝါရီ ၈ ရက်ကနေ ၁၁ ရက်အထိ ရုံးလုပ်ငန်းတာဝန်တွေ မထမ်းဆောင်ဘဲ ပြည်သူတွေနဲ့အတူ ပူးပေါင်းကာ CDM လှုပ်ရှားမှု စတင်လုပ်ဆောင်ခဲ့တာပါ။
ကိုအောင်ကိုလတ်ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ရုံးပိတ်ရက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က တာဝန်မှယာယီရပ်နားကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ထွေအုပ်ဝန်ထမ်း ၁၅ ဦး ထပ်မံပူးပေါင်း ပါဝင်ခဲ့ကြတာပါ။
CDM မှာ ပါဝင်လာတာဟာ အလုပ်ကနေ နုက်ထွက်တာမဟုတ်ဘဲ အလုပ်မသွားဘဲ အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာလို့ ထွေအုပ်ဝန်ထမ်းတွေက ပြောပါတယ်၊
ကိုအောင်ကိုလတ်က “ကျနော် အလုပ်ကနေ ထွက်တာမဟုတ်ဘူး၊ ပြည်သူနဲ့အတူ CDM လုပ်ခဲ့တာပါ။ ကျန်တဲ့ ထွေအုပ်ဝန်ထမ်းတွေလည် ကျနော်နဲ့အတူ တိုက်ပွဲဝင်ကာ CDM လုပ်ကြဖို့ တိုက်တွန်းတယ်” လို့ ပြောပါတယ်။
ညောင်လေးပင်မြို့နယ် ပညာရေးဌာနက ဝန်ထမ်းတွေ၊ ဆရာဆရာမတွေအပါအဝင်၊ ကျန်းမာရေး၊ လူမှုဖူလုံရေး၊ သစ်တော၊ ဆည်မြောင်းနဲ့ သစ်တောဝန်ထမ်းအချို့ CDM လုပ်ရှားမှုမှာ ပါဝင်လာနေကြတာပါ။
ညောင်လေးပင်မြို့နယ်မှာ စစ်အာဏာသိမ်းပြီနောက် လူထုလူတန်းစားပေါင်းစုံက စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း အင်အားသိန်းချီ နေ့စဥ်ဆန္ဒထုတ်ဖော်နေကြပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်