မကွေးမြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်မနက်ပိုင်းက စစ်အာဏာရှင်ကျဆုံးရေး လူဦးရေ ၃ သိန်းကျော် ဆန္ဒပြခဲ့ပြီး မသန်စွမ်းသူတွေပါ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ဘက်က အတားအဆီးတွေ ရှိခဲ့ပေမဲ့လည်း ထပ်တိုက်တိုးတာမျိုး မပြုလုပ်ဘဲ ရှောင်ကွင်းလမ်းတွေကနေတဆင့် ချီတက်ဆန္ဒပြနေကြတာပါ။
CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတချို့ကို အာဏာသိမ်းစစ်ကောင်စီက အလုပ်ကနေ ရပ်နားတဲ့စာတွေ ထွက်လာတယ်လို့ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။
မကွေးမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး လူထုဆန္ဒပြပွဲလုပ်တာ ဒီနေ့နဲ့ဆို ၈ ရက်မြောက်နေ့ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ အလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံက အသွင်သဏ္ဌာန်မျိုးစုံနဲ့ ချီတက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။
ဆန္ဒပြရာ လမ်းတစ်လျှောက်မှာ ဗိုလ်ချုပ်အောင်ဆန်း ၁၀၆ နှစ်ပြည့် မွေးနေ့အထိန်း အမှတ်အဖြစ် ပဲပြုတ် နံပြားနဲ့ ရေသန့်ဘူးတွေ စတုဒိသာ ကျွေးမွေးခဲ့ကြပါတယ်။
စစ်အာဏာရှင်ကျဆုံးရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ် အတည်ပြုပေး စတဲ့ကြွေးကြော်သံတွေနဲ့အတူ ချီတက် ဆန္ဒပြနေကြတာပါ။
သတင်း-မင်းထီး