မော်လမြိုင်မှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြ ပြည်သူတွေ အဓိကရုဏ်း ဖြစ်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျောင်းသားတွေနဲ့ အရပ်သားတွေကို ရဲတပ်ဖွဲ့က ခံဝန်ထိုးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။
မော်လမြိုင်မှာတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက် ၉ နာရီလောက်မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မယ့် တက္ကသိုလ်ကျောင်းသမဂ္ဂသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပါတယ်။
အဲဒီလို ဖြိုခွင်းခံရပြီးနောက် တက္ကသိုလ်ကျောင်းသား အပါအဝင် အရပ်သား ၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။
အဲဒီနောက်မှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့အတွက် မော်လမြိုင်မြို့ပေါ်က သပိတ်စစ်ကြောင်းအသီးသီးဟာ မော်လမြိုင်စျေးကြိုအဝိုင်းမှာ လာရောက်စုရုံးခဲ့ပြီးနောက် ဆန္ဒပြပြည်သူတွေနဲ့ ရဲတပ်ဖွဲ့အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့တာပါ။
အဓိကရုဏ်း ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က ဆန္ဒပြပြည်သူတွေ တောင်းဆိုတဲ့အတိုင်း ဖမ်းဆီးထားတဲ့ ကျောင်းသားတွေနဲ့ အရပ်သား ၉ ဦးကို ခံဝန်ထိုးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
မော်လမြိုင်မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲရဲ့ ၆ ရက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အဓိကရုဏ်း ဖြစ်ပွားခဲ့တာပါ။
ဇော်လွင်ထွဋ်