အာဏာသိမ်း စစ်ကောင်စီမှာ ပါဝင်နေတဲ့ အရပ်သားတွေအနေနဲ့ ပြည်တွင်း ပြည်ပ အရေးယူ ဒဏ်ခတ်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ကောင်စီမှ အမြန်ဆုံး နုတ်ထွက်ကြဖို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တပ်မတော်ကို အသုံးချပြီး ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကိုဖမ်းဆီးကာ အာဏာသိမ်း စစ်ကောင်စီကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးပါတီက အရပ်သားတွေကိုလည်း စစ်ကောင်စီအဖွဲ့ဝင်တွေအဖြစ် ခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုအခါမှာ ရွေးချယ်ခံ ပြည်ထောင်စုလွှတ်တော်၏ တရားဝင်မှု၊ CDM လှုပ်ရှားမှုနဲ့ လူထုဆန္ဒပြပွဲတွေဟာ ဟန်ချက်ညီညီ လွန်စွာအားကောင်းနေပါတယ်။
အလားတူ အမေရိကန် အပါအဝင် နိုင်ငံတကာ အရေးယူမှုတွေနဲ့အတူ မြန်မာပြည်သူတွေကလည်း စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှုတွေ စတင်နေတာကြောင့် စစ်ကောင်စီမှာ ခန့်အပ်ခံရတဲ့ အရပ်သားတွေအနေနဲ့ အမြန်ဆုံးနုတ်ထွက်ကြဖို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မနေ့ည ကြေညာချက်ထုတ်ပြန် သတိပေးလိုက်တာပါ။