ဒီးမော့ဆိုမြို့နယ်အတွင်း ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူ ၇ ဦး လွိုင်ကော်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
ကယားပြည်နယ် လွိုင်ကော်ဆန္ဒပြပွဲမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်း လာရောက်ပူးပေါင်းပြီး ပြန်သွားတဲ့ ဒီးမော့ဆိုမြို့နယ်က ကျောင်းဆရာ၊ ဆရာမ ၄ ဦးနဲ့ ပြည်သူ ၃ ဦးပေါင်း ၇ ဦးကို ငွေတောင်ဆည်အနီးမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ကျောင်းဆရာမ နဲ့ ပြည်သူတချို့ဖမ်းဆီးခံရမှန်း ဆန္ဒပြလူထုတွေက သိရှိတဲ့အတွက် ဒီးမော့ဆိုမြို့နယ် ရဲစခန်းကို လိုက်လံတောင်းဆိုခဲ့ရာမှာ အဆိုပါရဲစန်းမှာ မရှိကြောင်း ရဲတပ်ဖွဲ့ဝင်က ပြောဆိုခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာတော့ ဖမ်းဆီးခံထားရသူတွေကို လွိုင်အကျဉ်းထောင် ပို့ဆောင်လိုက်ကြောင်း၊ သူတို့ကို အကျဉ်းထောင်မှာပဲ အမိန့်ချဖို့ လုပ်ဆောင်ခဲ့ရာ ဆန္ဒပြပြည်သူ ထောင်ချီက လွိုင်ကော်အကျဉ်းထောင်ရှေ့မှာ ဒီကနေ့ညနေပိုင်း ၄ နာရီလောက် သွားရောက်စုရုံးနေခဲ့ပါတယ်။
ဒီနောက်မှာတော့ ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်ဖို့ ဒေသခံ တိုင်းရင်းသားအဖွဲ့တခုက လာရောက်ညှိနှိုင်းပေးခဲ့အပြီးမှာတော့ ဒီညနေ ၅ နာရီကျော်လောက်မှာ အားလုံး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း ပြည်သူနဲ့အတူ လာရောက်ပူးပေါင်းပါဝင်ဆန္ဒပြခဲ့တဲ့ ပြည်နယ် ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်ကို အထက်အရာရှိတွေက လိုက်လံဖမ်းဆီးခဲ့ရာမှာ ထောင်နဲ့ချီတဲ့ လူထုတွေက လိုက်ပါဝန်းရံခဲ့ပြီးနောက် အဲဒီရဲတပ်ဖွဲ့ဝင်တွေကို လုံခြုံတဲ့နေရာ ပို့ဆောင်ထားတယ်လို့ ဆန္ဒပြဦးဆောင်သူတွေက ပြောပါတယ်။