မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ်မှာ အာဏာသိမ်းစစ်အစိုးရ အလိုမရှိကြောင်း ဆန္ဒပြပွဲ ကို ဒီနေ့ ဆက်လက်ပြုလုပ်ခဲ့ကြပြီး ဌာနဆိုင်ရာတွေ ထပ်တိုးပါဝင်လာတဲ့အတွက် အင်အား ပိုများလာတယ်လို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့သူတစ်ဦးက ပြော ပါတယ်။
"ကျနော်တို့ကျောင်းသားဟောင်းတွေစုပြီး ၈ ရက်နေ့က သပိတ်စစ်ကြောင်းစတင်ခဲ့တယ်။ မနေ့ကဆိုရင် ပညာရေး နဲ့ ကျန်းမာရေးဝန်ထမ်းတွေလောက်ပဲ ပါဝင်ခဲ့တယ်။ ဒီနေ့ကတော့ ဌာန ၃ ခုလောက်ပါဝင်လာတာ တွေ့ရလို့ ဂုဏ်ယူပါတယ်။ ကျန်နေတဲ့ ဌာနတွေက ဝန်ထမ်းတွေလည်း ထပ်ပြီးပါဝင်လာနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ဒါကလည်း ကျနော်တို့နိုင်ငံရေးလုပ်နေတာ မဟုတ်ပါဘူး။ နိုင်ငံ့အရေးကိုလုပ်နေကြတာပါ။"
တပ်မတော်အာဏာသိမ်းမှုအပေါ် အလိုမရှိကြောင်း ပေါင်မြို့မှာ ဆန္ဒပြတောင်းဆိုတာ စတုတ္ထမြောက်နေ့ဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်၊ ထွေအုပ်ဝန်ထမ်းတချို့၊ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံပြည်သူအင်အား ၁ သောင်းဝန်းကျင် ပါဝင်ခဲ့ကြပါတယ်။