တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း စည်းကမ်းတကျဆန္ဒထုတ်ဖော်ခဲ့ပြီး CDM ပူးပေါင်းပါဝင်ပေးတဲ့ မြန်မာပြည်က ဝန်ထမ်းတွေအတွက်တတ်နိုင်တဲ့ဘက်က ထောက်ပံ့ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။
ကိုရီးယားနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ဥပဒေအရ လူစုလူဝေးလုပ်လို့မရပါဘူး။ ခုလိုအခက်အခဲတွေကြားထဲကနေ မြန်မာပြည်မှာ စစ်တပ် အဏာသိမ်းခံရမှုကို ဆန့်ကျင်တဲ့အနေနဲ့ ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေ တစ်ဦးကို ၆ ပေစီခွာပြီး အသံတိတ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေစုပေါင်းပြီး မြန်မာနိုင်ငံက CDM မှာပူးပေါင်းပါဝင်ပေးတဲ့ ဝန်ထမ်းတွေအတွက် ထောက်ပံ့ပေးသွား မှာဖြစ်ပြီး မြန်မာပြည်သူတွေနဲ့ အတူ တိုက်ပွဲဝင်သွားမယ်လို့ ကိုရီးယားနိုင်ငံရောက်မြန်မာတစ်ဦးက ပြောပါတယ်။
လတ်တလောမှာတော့ ကိုရီးယားနိုင်ငံက Youtube influrencer တွေရဲ့ မှားယွင်းတဲ့ ဖော်ပြချက်တွေကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သတ်ပြီး သတင်းမှားတွေ များစွာရှိနေတယ်လို့ ဆိုပါတယ်။
ဆန္ဒပြ ပြည်သူတွေအနေနဲ့ ကိုယ်တောင်းဆိုချင်တဲ့အရာကို စာလုံးကြီးကြီးနဲ့ ရေးသားပြီး ထိရောက်စွာတောင်းဆိုပေးကြဖို့ ကိုရီးယားရောက်မြန်မာနိုငိငံသားတွေက အကြံပြုပါတယ်။ သတင်းမှားတွေဖော်ပြသူတွေကို အရေးယူပေးဖို့ကိုလည်း ကိုရီးယားသံရုံးမှာ တောင်းဆိုထားပြီး မြန်မာနိုင်ငံက ဝန်ထမ်းတွေနဲ့အတူ CDM မှာအဆုံးထိ ပူးပေါင်းပေးဖို့ တောင်းဆိုထားပါတယ်။
ခိုင်ပန်းနု