အာဏာသိမ်းစစ်ခေါင်းဆောင် မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဂျပန်နိုင်ငံရဲ့ တောင်းဆိုချက်တွေကို ချက်ချင်းလိုက်နာခြင်းမရှိပါက အမေရိကန်၊ အီးယူနိုင်ငံတို့နဲ့ ပူးပေါင်းပြီး ပြင်းထန်စွာအရေးယူမယ်လို့ ဂျပန်လွှတ်တော်အမတ်တွေက ကြေညာပါတယ်။
ဒီကနေ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော် ချီယိုဒမြို့ရှိ ပြည်သူ့လွှတ်တော်အဆောက်အုံမှာ ကျင်းပတဲ့ မြန်မာ့အရေးကြားနာဆွေးနွေးပွဲမှာ ဂျပန်လွှတ်တော်အမတ်တွေက အချက်၅ ချက်ပါ ဆုံးဖြတ်ချက်ကို ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။
တောင်းဆိုချက်တွေအထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ထိန်းသိမ်းခံထားရသူတွေကို ချက်ချင်းလွှတ်ပေးဖို့၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂျပန်နိုင်ငံရဲ့ တောင်းဆိုချက်ကိုချက်ချင်းလိုက်နာခြင်းမရှိပါက အမေရိကန်နဲ့ အီးယူနိုင်ငံတွေနဲ့ ပူးပေါင်းပြီးပြင်းထန်စွာအရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ကာ လူသားချင်းစာနာမှုဆိုင်ရာ ရည်ရွယ်ချက်မပါတဲ့ တခြားစီးပွားရေး ထောက်အပံ့တွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ရပ်ဆိုင်းတာ စတဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့ ပါဝင်ပါတယ်။
အဆိုပါကြားနာပွဲကို ဂျပန်လွှတ်တော်အမတ် ပညာရေးဝန်ကြီးဟောင်း မစ္စတာ နခဂဝ မဆဟရု ဦးဆောင်တဲ့ ဂျပန်လွှတ်တော်အမတ်တွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူးမစ္စတာ ယမဒယိုရှိယူခီ တက်ရောက်ခဲ့ပြီး မြန်မာ့အရေး ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံသားတွေ၊ ဂျပန်နိုင်ငံရောက် လူငယ်တက်ကြွ လှုပ်ရှားသူတွေက အွန်လိုင်းကနေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
ကြားနာပွဲတက်ရောက်ခဲ့တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဒေါ်မာရစ်ဇမ်ဘူးက “ အခုလို ဂျပန်အစိုးရက အာဏာသိမ်းတပ်ချုပ်ကို ပြင်းပြင်းထန်ထန်သတိပေးတာဟာ မြန်မာနိုင်ငံမှာဒီမို ကရေစီထွန်းကားဖို့ အကူအညီအလုံးအရင်းပေးနေတဲ့ ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်အာဏာ သိမ်းတာကို အပြင်းအထန့်ကန့်ကွက်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ဦးဆောင်တဲ့အစိုးရကို ဆက်လက် အသိအမှတ်ပြုနေတဲ့ သဘောပါ”လို့ သုံးသပ်ပြောပါတယ်။
အာဏာသိမ်းစစ်အစိုးရကို ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာစစ်တပ်က တရားမဝင်အမိန့်အာဏာတွေနဲ့ အင်အားသုံးတာ၊ အကြမ်းဖက်နည်းလမ်းတွေနဲ့ ဖိနှိပ်တာတွေ လုံးဝမပြုလုပ်ဖို့လည်း ပြင်းပြင်းထန်ထန် သတိပေးနှိုးဆော်ထားပါတယ်။