ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်မှာ စစ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြတဲ့ပြည်သူလူထုကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းခဲ့ တာကြောင့် အမျိုးသမီးငယ်တစ်ဦး ဦးခေါင်းမှာ သေနတ်ကျည်ဆံ ထိမှန်ပြီး ဒဏ်ရာ အပြင်းအထန်ရရှိသွားပါတယ်။ သေနတ်ဒဏ်ရာနဲ့ ဆေးရုံမှာ အသက်လုနေရတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ အစ်မဖြစ်သူ မြသတိုးနွယ်က အဆိုပါပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မီဒီယာတွေကို ရှင်းလင်းပြောကြားထားပါတယ်။
“ရဲတွေ ရှေ့တိုးလာတယ်။ မီးသတ်ကားတွေလည်း ရှေ့တိုးလာတယ်။ ပြည်သူလူထုတွေ အကုန်နောက်ဆုတ်၊ နောက်ဆုတ်နဲ့ ကျမတို့က လမ်းဘေးမှာ ကပ်ပြီးတော့ ကြည့်နေတာပေါ့။ ရဲတွေက သူတို့စည်းထဲကို ပြန်ဆုတ်လာတဲ့အချိန် ပြည်သူတွေက ခဲတွေနဲ့ ရေသန့်ဘူးတွေနဲ့ ဝိုင်းပေါက်လို့ ကျမတို့က မှန်မှာဆိုးလို့ လိုင်းပေါ်မှာ တွေ့တဲ့အတိုင်းပဲ အဲဒီနောက်လေးမှာ ကွယ်ပြီး ဝင်နေတာပါ။”
“နေနေပြီးတော့ ကိုယ့်ဟာကို အပစ်အခတ်သံတွေကြားတော့ မိုးပေါ်ထောင်ပစ်နေတယ်လို့ပဲ ထင်တာ။ ကြားရတဲ့အချိန်မှာ သွားရအောင် ဆိုပြီး ပြန်လှည့်တဲ့ အလှည့်မှာ အပစ်ခံလိုက်ရတာပါ။ ကိုယ့်ကိုလည်း ပစ်တာလို့ မထင်ပါဘူး။ ညမလေး ဒေါသထွက်လို့ လဲသွားတယ်လို့ပဲထင်တာပါ။ လူတွေဆွဲကူ၊ ဆွဲခေါ်ဆိုတော့မှ ဆိုင်ကယ်ဦးထုပ်ကို ချွတ်ချွတ် မူးနေတယ်ဆိုပြီးတော့မှ ဆိုင်ကယ်ဦးထုပ် ချွတ်လိုက်တော့မှ ခေါင်းမှ သွေးတွေ ပန်းလာတော့မှ မှန်မှန်း သိတာပါ။ အဲကျတော့မှ လူတွေက အကုန်စုပြီး ကလေးကို ခေါ်သွားတော့မှ ဘယ်ကနေ ဘယ်လိုလုပ် ဒီရောက်လာမှန်းတောင် မသိတော့ပါဘူး။”
“ကျမ ညမလေး အခြေအနေက ပြန်ကောင်းဖို့က ၁၀၀မှာ ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်ရှင်။ အခုထိ ဘာမှကို မဖြစ်သေးပါဘူး။ ကြေကွဲရတာပေါ့ရှင်။ ကျမတို့မှာ အမေတယောက်ပဲ ရှိတော့တာပါ။ အဖေကလည်း ဆုံးသွားပါပြီ။ မောင်နှမ ၄ ယောက်မှ ကျမက အကြီးဆုံးပါရှင်။ ညမလေးက အငယ်ဆုံးပါ။ အငယ်ဆုံး ညမလေးက ဒီလို ဖြစ်သွားတာဆိုတော့ မအေ တယောက် အနေနဲ့လည်း မခံစားနိုင်ဘူးပေါ့။ ကျမတို့မှာ ဒီညမလေး တယောက်တည်း ရှိတာဆိုတော့ မခံစားနိုင်ဘူးပေါ့။ ပြောလို့ မတတ်အောင်ပါပဲ”
ပြည်သူလူထုကို ပြောချင်တာကတော့ ဒီစစ်အာဏာရှင်စနစ်ကို တော်လှန်တယ်ဆိုတာ တစ်ဦး ကောင်း၊ တစ်ယောက်ကောင်း အတွက်လည်း မဟုတ်ပါဘူး။ တစ်ပါတီခေါင်းဆောင်တစ်ခု အတွက်လည်း မဟုတ်ပါဘူး။ ဒီစစ် အာဏာရှင်စနစ်က အမျိုးသားအားလုံးနဲ့ သက်ဆိုင်တဲ့ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။ ဒါကို ကမ္ဘာက သိအောင်လည်း ဝိုင်းဝန်းပြီးတော့ ကူညီစေချင်ပါတယ်ရှင်။ အကုန်လုံး ကူညီပေးကြပါလို့။ အားလုံးဟာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း အတွက် မဟုတ်ပါဘူး။ ကျမတို့ ကောင်းဖို့ အတွက်လည်း မဟုတ်ပါဘူး။ ကျမတို့ သားစဉ်မြေးဆက် အဆက်ဆက် ကောင်းဖို့ ဒီဟာချည်းကို အမြစ်ပြတ် တော်လှန်နိုင်မှသာလျှင် ကောင်းကျိုးတွေ ဖြစ်လာမှာပါလို့။”
“ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲဆိုတော့ ကျမကတော့ ဆက်ပြီးတော့ တော်လှန်သွားမှာပါ။ ကျမ ညမလေး ဒီလိုဖြစ်ရကျိုးနပ်အောင် စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်ဖြစ်သွားအောင် တိုင်းသူပြည်သူတွေရော ပြည်သူလူထုအားလုံး ဝိုင်းဝန်းပြီး ကာကွယ်ပေးကြပါလို့။ ဒီဟာကြီးကို ဆက်ပြီးတော့ တော်လှန်ပေးကြပါ။ အပြစ်ပြတ်သွား အောင်လုပ်ပေးပါလို့ ပြောချင်ပါတယ်။ ကမ္ဘာက သိအောင်လည်း ကြေညာပေးကြပါ။ နိုင်ငံတကာကလည်း ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်။”
“ဒါကတော့ အသိသာကြီးပါ။ လိုင်းပေါ်မှာ တက်နေတဲ့အတိုင်း ကျမတို့ ညီအမ နှစ်ယောက်က ဒီလမ်းလယ်ခေါင်ကြီးမှာလည်း မဟုတ်ပါဘူး။ သူတို့စည်းကိုလည်း မကျော်ပါဘူး။ ကျမတို့ ပြန်လှည့်မယ့် အလှည့် သူတို့ကို ဘာမှလည်း မလုပ်ရပါဘူး။ ပစ်ခတ်နေလို့ ကိုယ့်ကို မှန်မှာစိုးလို့ ပြန်လှည့်တဲ့ အလှည့်မှာ အားလုံး သိပြီးသားပဲနေမှာပါ။ ကျမ ညီမ ခေါက်ကနဲ လဲသွားတာပဲ။ သူက ခွဲစိတ်လို့ရတဲ့ အခြေအနေလည်း မဟုတ်တော့ပါဘူးနော်။ အဲဒါပါပဲ။”