ဒီမိုကရေစီလမ်းကြောင်းကို ဆိုင်းငံ့အောင်လုပ်ဖို့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ စီးပွားရေးနဲ့ ဘဏ္ဍာရေးကြွယ်ဝမှုဆိုင်ရာ မက်လုံးကြီးကြီး ရှိနေခဲ့တယ်လို့ အေးရှတိုင်းမ်စ် သတင်းဌာနက ဖေဖော်ဝါရီ ၈ ရက်မှာ အစီရင်ခံပါတယ်။
မင်းအောင်လှိုင်ဟာ သူ့စစ်သက်တမ်းတလျှောက်မှာ တိတ်ဆိတ်ပြီး လူကြားထဲထွက်ဖို့ ရှက်တဲ့ အရာရှိတယောက်အနေနဲ့ ဖြတ်သန်းရင်း ပုံမှန် ရာထူးတက်ခဲ့တယ်။ လာမယ့် ဇူလိုင် ၃ ရက်မှာ အသက် ၆၅ နှစ်ပြည့်ပြီး အငြိမ်းစားမယူခင် ၅ လအလို ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တယ်လို့ အေးရှတိုင်းမ်စ်က ဖော်ပြထားပါတယ်။
တခြားပန်းတိုင်တွေထဲမှာမှ စီးပွားရေးပိုင်ဆိုင်မှုတွေ ဘဏ္ဍာရေး အပေးအယူတွေကို စုံစမ်းစစ်ဆေးခံရနိုင်ခြေကနေ သူကိုယ်တိုင်ကိုရော မိသားစုနဲ့ စစ်ဘက်အသိုင်းအဝိုင်းကိုပါ ကာကွယ်ဖို့ ဗိုလ်ချုပ်မှူးကြီးက မျှော်လင့်ထားပုံရတယ်လို့လည်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး အေးရှတိုင်းမ်စ်က ရေးသားထားပါတယ်။
သူ့ရဲ့ ဘဏ္ဍာရေးအကျိုးစီးပွားက အာဏာသိမ်းရတဲ့ အကြောင်းရင်း ဖြစ်ရမယ်လို့ မြန်မာနိုင်ငံအတွက် တရားမျှတရေးလို့ နာမည်ပေးထားတဲ့ တက်ကြွလှုပ်ရှားသူအုပ်စုက ကြေညာချက် ထုတ်ပြန်ပါတယ်။
မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံအတွင်း စစ်တပ်ပိုင်လုပ်ငန်းစုကြီး ၂ ခုဖြစ်တဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့အပေါ် အဆုံးစွန် အခွင့်အာဏာ ရှိထားတယ်လို့လည်း အဲဒီအုပ်စုက ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
MEC နဲ့ MEHL တို့ဟာ စီးပွားရေးဆိုင်ရာ ဆိပ်ကမ်းတွေ၊ ကုန်သေတ္တာ သိုလှောင်ရုံတွေ၊ ကျောက်စိမ်းနဲ့ ပတ္တမြားတူးဖော်ရေး၊ အိမ်ရာမြေလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ တခြား အမြတ်များတဲ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့လည်း မီဒီယာတွေက ဖော်ပြထားကြပါတယ်။
မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံဟာ ဆေးဝါးဖြန့်ဖြူးရေးလုပ်ငန်း A&M Mahar ကို ပိုင်ဆိုင်လုပ်ကိုင်ရင်း အစားအစာနဲ့ ဆေးဝါးစီမံအုပ်ချုပ်ရေးဌာနကို ကုန်စည်တွေ သွင်းတာနဲ့ ပြည်ပတင်သွင်းကုန်တွေအပေါ် အကျိုးဆောင်ပေးတဲ့ လုပ်ငန်းကို လုပ်တယ်။
ဆေးဝါးနဲ့ ဆေးဘက်နည်းပညာတွေကို ကုန်သွယ်ဈေးကွက်ဖော်ဆောင်တဲ့ အလုပ်လုပ်ကို လုပ်တယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။
သူတို့ မိသားစုပိုင်ဆိုင်မှု စာရင်းဟာ ရှည်လျား ကျယ်ပြန့်တယ်။ MEC နဲ့ MEHL တို့ဟာ စစ်တပ်ရဲ့ ဘဏ္ဍာရေးစွမ်းရည်ကို ထောက်ပံ့ရာမှာ ထည့်ဝင် အားပေးနေတယ်လို့ ကုလသမဂ္ဂက ၂၀၁၉ မှာ အစီရင်ခံခဲ့ဖူးပါတယ်။
ကိုးကား- ASIA TIMES