မန္တလေးမြို့မှာ ဆန္ဒပြပွဲသတင်းယူနေတဲ့ ဒီဗွီဘီသတင်းဌာနရဲ့ မန္တလေးအခြေစိုက် အပုဒ်စား သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ကိုဘကြီးအောင် အပါအဝင် လူ ၃၀ လောက်ကို ဖေဖော်ဝါရီ ၉ ရက် ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့က အချုပ်ကားပေါ်တင် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မန္တလေးမြို့ ၇၁ - ၃၈ လမ်း၊ ဒေါ်အောင်ဆန်းစုကြည်လမ်းပေါ်မှာ ဖမ်းဆီးသွားတာလို့ သတင်းထောက် ကိုဘကြီးအောင်က အချုပ်ကားပေါ်ကနေ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောပါတယ်။
“ကျနော်အပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူလူထုကို ဆိုင်ကယ်တွေရော ရိုက်နှက်ပြီးတော့ ဆွဲတင်သွားတာပါခင်ဗျ။ ဗီဒီယိုရိုက်နေတုန်း ကျနော့်ကို ဖမ်းတာပါ။ အကြောင်းပြချက် မေးတော့လည်း ဘာမှမပြောဘူး။ ဒီအတိုင်းပဲ ဆွဲတင်သွားတာပါခင်ဗျ။ အခု အချုပ်ကားထဲမှာပဲ ရှိနေပါသေးတယ်ခင်ဗျာ။ အားလုံး ၂၇ ယောက်၊ ၃၀ လောက် ပါပါတယ်။ သတင်းထောက် ကျနော်တစ်ယောက်ပဲ ပါပါတယ်။“
သတင်းထောက်တွေရဲ့ လုံခြုံရေးလည်း လုံးဝမရှိပါဘူး၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူတွေကိုလည်း အခုလို အဓမ္မ ရိုက်နှက်ဖမ်းဆီးတာက လုံးဝကန့်ကွက်စရာကောင်းပါတယ်။ သတင်းသမားတွေနဲ့ ပြည်သူလူထုတွေ စည်းစည်းလုံးလုံးရှိဖို့လိုတယ်လို့လည်း ပြောပါတယ်။