စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းပြီးတော့ ပြည်သူကို စစ်ကျွန်ဖြစ်အောင် တရားမဲ့စစ်အာဏာသိမ်းတာကို အကြမ်းမဖက်တဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြတဲ့ ပြည်သူတွေနဲ့ အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်နေတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောကြားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီပါတီ) ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ အခုလို ပြောကြားလိုက်တာပါ။
“စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းပြီးတော့ ပြည်သူကို စစ်ကျွန်ဖြစ်အောင် တရားမဲ့စစ်အာဏာသိမ်းတာကို အကြမ်းမဖက်တဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြတဲ့ ပြည်သူလူထုတရပ်လုံးကိုရော ပြည်သူ့ဝန်ထမ်းများ ပီသစွာ civil disobedience movement လှုပ်ရှားမှု (CDM) နဲ့ နိုင်ငံတော်ကို ကယ်တင်နေကြတဲ့ ဌာနအသီးသီးက ဝန်ထမ်းများကို အထူးလေးစားကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြားပါရစေ။”
စစ်အာဏာရှင်လူတစုရဲ့အောက်မှာ အနာဂတ်မျိုးဆက်တွေ စတေးမခံရရေး ကြောက်စိတ်နဲ့ နောက်တွန့်မနေကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
“အခုကာလမှာ ကြောက်စိတ်နဲ့ နောက်တွန့်ရင် မိုက်တဲ့လူတချို့ ရူးပြီး ရဲနေတဲ့ မိုက်ရူးရဲ စစ်အာဏာရှင်တစုနဲ့ နောက်လိုက်တချို့တွေရဲ့ အောက်မှာ ကျနော်တို့ရဲ့ သားသမီးတွေကို စတေးလိုက်ကြရပါလိမ့်မယ်။ ကျနော်တို့လည်း ပြည်သူက အပ်နှင်းလိုက်ပြီးဖြစ်တဲ့ တရားဝင် လုပ်ပိုင်ခွင့်နဲ့အညီ ဆက်လက်ဆောင်ရွက်နေကြပါတယ်။”
စစ်အာဏာရူးမှု ကျဆုံးပြီး မကြာမီမှာ ပြည်သူ့အားနဲ့ ပြန်လည်ပေါ်ထွန်းလာမယ့် ပြည်သူ့အစိုးရရဲ့ အောက်မှာ မိမိတို့ရဲ့ တရားဝင်အခွင့်အရေးများ ပြန်လည်ရရှိရေး ခံစားရမှာ အာမခံချက် အပြည့်ရှိနေပြီး လတ်တလော ရင်ဆိုင်ရဖွယ် အခက်အခဲတွေကိုလည်း ပြည်သူအားနဲ့ ကိုယ်စား ကာကွယ်ထောက်ပံ့မှုတွေ စီစဉ်နေပြီလို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။