အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience) လုပ်ဆောင်နေတဲ့ အစိုးရ ဝန်ထမ်းတွေအား ထောက်ခံတဲ့ အွန်လိုင်းကမ်ပိန်းကို အခြေခံပညာဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ ဆရာမတွေက ဖေဖော်ဝါရီ ၄ ရက်နေ့ ညပိုင်းကနေစပြီး လုပ်ဆောင်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ပြည်သူ့ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း ဆရာ ဆရာမတွေကနေ ကမ်ပိန်းကနေတဆင့် တောင်းဆိုလိုက်ပါတယ်။
ဆရာ ဆရာမတွေအနေနဲ့ ရှာမှီးခဲ့တဲ့ပညာကို ပြည်သူရွေးချယ်တဲ့ အစိုးရအုပ်ချုပ်မှု အောက်မှာ အနာဂတ်ပညာရေးအတွက် အကြောက်တရား ကင်းကင်းနဲ့ ဆက်လက် ထမ်းရွက်ချင်တယ်လို့ ရေးသားထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၃ ရက်နေ့ကနေပြီး အခြေခံပညာ ဦးစီးဌာနက ဆရာ ဆရာမ တွေက အွန်လိုင်းကနေတဆင့် ဖဲကြိုးစိမ်း လှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေသလို အဆင့်မြင့်ပညာဦးစီးဌာနက ဆရာဆရာမတွေကလည်း ဖဲကြိုးနီ လှုပ်ရှားမှုတွေ လုပ်ဆောင်နေပါတယ်။