တပ်မတော် အာဏာသိမ်းတဲ့ တတိယမြောက်နေ့ ဖေဖော်ဝါရီ ၃ ရက် ည ၈ နာရီမှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့ နေရာအနှံ့အပြားမှာ ပြည်သူလူထုတွေက သံပုံးတီးကန်ပိန်း ပြုလုပ်ပြီး စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
အဆိုပါ ကန်ပိန်းပြုလုပ်ရာမှာ ကမ္ဘာမကျေဘူးသီချင်းကို သီဆိုကြသူတွေ၊ ပြည်သူ့ ဆန္ဒထုတ်ဖော်ကြ၊ အမေစု ကျန်းမာပါစေ စတာတွေကို ဟစ်ကြွေးခဲ့ကြသူတွေလည်း တွေ့ရပါတယ်။
နေပြည်တော်မှာ စည်ပင်ရိပ်သာမှာရှိတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကမ္ဘာမကျေဘူး သီချင်းကို စုပေါင်းသီဆိုပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ကြောင်း ပြသခဲ့ကြပါတယ်။
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်တပ်က ဖမ်းဆီးထားပြီး နိုင်ငံတော် အာဏာကို သိမ်းယူလိုက်တဲ့ အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်မြို့ခံ လူထုတွေက မနေ့ကလည်း ည ၈ နာရီမှာ သံပုံးတွေ တီးပြီး ကားဟွန်းတွေတီးကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Photo - MPA