နိုင်ငံတော်အာဏာကို တပ်မတော်က သိမ်းယူလိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက ဖေဖော်ဝါရီ ၃ ရက် နေ့စွဲနဲ့ ကြေညာပါတယ်။
တပ်မတော်ရဲ့လုပ်ရပ်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်း တွေနဲ့ တိုင်းရင်းသားပြည်သူတွေကြား ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းတွေကို ဆန့်ကျင် ထိခိုက်နေတဲ့အတွက် အဆိုပါလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ စားပွဲဝိုင်းပေါ်မှာ ငြိမ်းချမ်းစွာဖြေရှင်းဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။
SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ တွဲဖက်အတွင်းရေးမှူး ၁ စိုင်းကျော်ညွန့်က “ဦးတည်ချက်ကတော့ ကျနော်တို့ကိုင်စွဲထားတဲ့ ဒီမိုကရေစီဆိုင်ရာ စံနှုန်းတွေရှိမယ်ဗျာ။ နောက်ပြီးတော့ ကျနော်တို့ပါတီ အခြေခံမူထဲမှာ တစ်ချက်အပါအဝင်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာ၊ အဲဒီအချက်တွေကြောင့်မို့ ကျနော်တို့ မြော်မြင်တဲ့ ပြည်ထောင်စု မြော်မြင်ချက်ဆိုတာက ကျနော်တို့ဖြစ်ချင်တဲ့ပြည်ထောင်စု၊ မြင်ချင်တဲ့ပြည်ထောင်စုပေါ့၊ စတဲ့ အခြေခံအချက်အလက်တွေနဲ့ ဒါကိုက်ညီမှုမရှိဘူး၊ အဲဒါကြောင့်မို့ ဒီလုပ်ရပ်ပေါ်မှာ ကျနော်တို့က ကန့်ကွက်တဲ့သဘောဖြစ်ပါတယ်။ မည်သူမဆို ဒီလိုမျိုး ကျနော်တို့မူဝါဒနဲ့ ဆန့်ကျင်တာလုပ်ရင် ကျနော်တို့ ကန့်ကွက်မှာပဲ။ ဟိုတုန်းက အန်အယ်လ်ဒီရဲ့လုပ်ရပ်တွေလည်း ကျနော်တို့ မူဝါဒနဲ့မကိုက်ညီရင် ကန့်ကွက်ခဲ့တာပဲ။ ဆိုတော့ကာ ကျနော်တို့မူအပေါ်မှာ ရပ်တည်ပြီးတော့ ကျနော်တို့ကန့်ကွက်တာဖြစ်ပါတယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်အောင်မြင်ချောမွေ့စေဖို့ ဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားနဲ့ လှုပ်ရှားတက်ကြွသူတွေအားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
SNLD အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ပတ်သက်ပြီး ပြည်သူလူထုဆန္ဒသဘောထားအတိုင်း မားမားမတ်မတ် ရပ်တည်သွား မှာဖြစ်ကာ မှန်မှန်ကန်ကန် တရားနည်းလမ်းကျကျ ယှဉ်ပြိုင်အနိုင်ရထားတာတွေကို တပ်မတော် အနေနဲ့အသိအမှတ်ပြုလက်ခံဖို့ အခိုင်အမာ တိုက်တွန်းတောင်းဆိုတယ်လို့လည်း ဆိုပါတယ်။
SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အနားယူသွားပြီ ဖြစ်တဲ့အတွက် ပါတီ ဥက္ကဋ္ဌ အဖြစ် စိုင်းညွန့်လွင်ကို ဒီကနေ့ ရွေးချယ် တင်မြှောက်ထားပါတယ်။
နန်းမြနဒီ၊ အာကာ