လူ့အခွင့်အရေး ဆိုတဲ့ စကားလုံးဟာ ယနေ့ကာလမှာဖြင့် လူတိုင်းသုံးတဲ့ စကားလုံးတစ်လုံး ဖြစ်နေပါပြီ။ သို့ပေမဲ့ ဒီစကားလုံး ပေါ်လာတာဟာ သိပ်မကြာသေးပါဘူး။ လူ့အခွင့်အရေးနဲ့ ဆင်ဆင်တူတဲ့ အခွင့်အရေးတွေဟာ ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့ပေမယ့် လူ့အခွင့်အရေး ဆိုတဲ့ ဝေါဟာရကို စတင်သုံးစွဲတာကတော့ နှစ်ပေါင်း ၂၀၀ လောက်ပဲ ရှိပါသေးတယ်။ ဒီစကားလုံးကို စတင်သုံးစွဲခဲ့သူအဖြစ် အသတ်မှတ်ခံရတဲ့သူက အမေရိကန်နိုင်ငံသား တွေးခေါ်ရှင်ကြီး ဟင်နရီဒေးဗစ်သောရိုး (Henry David Thoreau) ပါ။ ဆရာကြီးသောရိုးရဲ့ အတွေးအခေါ်တွေဟာ အမေရိကန်ပြည်ထောင်စုမှာသာမက ကမ္ဘာမှာပါ ယခုထက်တိုင် သြဇာလွှမ်းနေဆဲ ဖြစ်သလို နိုင်ငံရေးလှုပ်ရှားနေသူတွေအနေနဲ့လည်း လေ့လာနေရဆဲ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးလောကမှာလည်း ဆရာကြီးသောရိုးရဲ့ အယူအဆကို အကြောင်းပြုပြီး စစ်အစိုးရနဲ့ အတိုက်အခံ ခေါင်းဆောင်တွေအကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ရပါတယ်။။ ၁၉၈၉ ခုနှစ်ဝန်းကျင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်တို့ ဦးဆောင်တဲ့အဖွဲ့က နိုင်ငံရေး ဆောင်ပုဒ်တခုကို ကိုင်စွဲပြီး စစ်အစိုးရကို စိန်ခေါ်ခဲ့ပါတယ်။ “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ဆောင်ပုဒ်ပါ။ ဒီဆောင်ပုဒ်က ဆရာကြီးသောရိုးရဲ့ ဆောင်ပုဒ် ဖြစ်ပါတယ်။
ဒီဆောင်ပုဒ်ကို ကြားရတဲ့အခါမှာ စစ်အစိုးရဟာ အကြီးအကျယ် တုန်လှုပ်သွားပါတယ်။ ပြည်သူလူထုတရပ်လုံးကသာ ဒီဆောင်ပုဒ်ကို ကိုင်စွဲကျင့်သုံးလာမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လိုမှ ရေရှည်ရပ်တည်လို့ မဖြစ်နိုင်ပါဘူး။ ဒီဆောင်ပုဒ်ဟာ သူတို့အတွက် စစ်ကြေညာသံလို့ ပြောရင် ရနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်ပုဒ်ကို ဖော်ဆောင်လိုက်တဲ့ အတိုက်အခံ ခေါင်းဆောင်များကို ထောင်သွင်း အကျဉ်းချခဲ့ပါတယ်။ ဒီဆောင်ပုဒ်ကြောင့်ပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသလို သတင်းစာဆရာကြီး ဦးဝင်းတင်ဟာလည်း အကျဉ်းထောင်အတွင်းမှာ အနှစ်နှစ်ဆယ် နေထိုင်ခဲ့ရပါတယ်။
“မတရားတဲ့ အမိန့်အာဏာတွေကို မလိုက်နာဘဲ အာခံဆန့်ကျင်ရေးဟာ နိုင်ငံသားတိုင်းရဲ့ တာဝန် ဖြစ်တယ်” လို့ ကြွေးကြော်ခဲ့သူ ဆရာကြီးဟင်နရီဒေးဗစ်သောရိုးကို ၁၈၁၇ ခုနှစ် ဇူလိုင် ၁၂ ရက်မှာ မွေးပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးအင်္ဂလန်ဒေသ မက်ဆာချူးဆက် ပြည်နယ်အတွင်းက ကွန်ကော့မြို့မှာ မွေးဖွားပါတယ်။ သူ့မိဘများက သာမန် လူတန်းစား ဖြစ်ပါတယ်။ သောရိုးဟာ ဟားဗတ်တက္ကသိုလ်မှာ အသက် ၂၀ အရွယ်အထိ ပညာသင်ကြားခဲ့ပါတယ်။
နောက်တော့ မွေးရာဇာတိကို ပြန်လာပြီး အစ်ကိုဖြစ်သူနဲ့ စာသင်ကျောင်းတကျောင်း ထောင်ပါတယ်။ သူတို့ကျောင်းက ထူးခြားပါတယ်။ တခြားကျောင်းတွေနဲ့မတူတဲ့ သင်ရိုးတွေ ရှိခဲ့ပါတယ်။ ဥပမာ တောအုပ်အတွင်းမှာ လမ်းလျှောက်ခြင်း၊ ဈေးဆိုင်တွေကို သွားရောက်ခြင်း စတဲ့ သင်ရိုးတွေကို ကျောင်းသားတွေက သင်ယူရတာပါ။ ဒါပေမဲ့ အစ်ကိုဖြစ်သူ သေဆုံးသွားတဲ့အတွက် စာသင်ကျောင်း သိပ်မကြာခင်မှာပဲ ရပ်ဆိုင်းသွားခဲ့ပါတယ်။
နောက်တော့ သောရိုးဟာ တွေးခေါ်ပညာရှင်စာရေးဆရာကြီး အီမာဆင် (Ralph Waldo Emerson) နဲ့ သိကျွမ်းပြီး စာကို စတင်ရေးသားခဲ့ပါတယ်။ သောရိုးဟာ ဘဝတလျှောက်လုံး စာရေးခဲ့သူပါ။ သောရိုး လက်ရွေးစင်ပေါင်းချုပ်စာပေဟာ အတွဲ ၂၀ ကျော် ရှိပါတယ်။
သောရိုးဟာ အီမာဆင်နဲ့ ခင်မင်သိကျွမ်းရင်း အကျင့်သီလစိတ်ကို ဦးစားပေးတဲ့ အတွေးအခေါ်ကို လက်ခံခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း အလွန်ရိုးစင်းပြီး သဘာဝလောကကြီးနဲ့ လိုက်လျောညီထွေ နေထိုင်တတ်ပါတယ်။ များသောအားဖြင့် တောအရပ်ဒေသမှာ တစ်ကိုယ်တည်း နေထိုင်တတ်ပါတယ်။ ရိုးရိုးစင်းစင်း နေထိုင်တာဟာ သဘာဝနဲ့အညီ နေထိုင်တာဖြစ်တယ်၊ ငြိမ်းချမ်းစွာ နေထိုင်ခြင်း ဖြစ်တယ်လို့ သူ ခံယူပါတယ်။
“သောရိုး ဆိုတဲ့လူဟာ ဘာစီးပွားရေးအလုပ်ကိုမှ လုပ်တဲ့သူ မဟုတ်ဘူး၊ အိမ်ထောင်လည်း မပြုဘူး၊ ဘုရားကျောင်းလည်း မသွားဘူး၊ မဲလည်း မထည့်ဘူး၊ အခွန်လည်း မဆောင်ဘူး၊ အသားလည်း မစားသလို အရက်တို့ ဆေးလိပ်တို့လည်း မသုံးစွဲဘူး၊ အမဲလိုက်တဲ့ အလုပ်မျိုးလည်း မလုပ်ဘူး၊ သဘာဝကို ချစ်မြတ်နိုးတယ်၊ ရိုးစင်းတဲ့ အတွေးအခေါ်ကို လက်ခံကျင့် သုံးသူဖြစ်တယ်” လို့ မိတ်ဆွေကြီး အီမာဆင်က သူ့အပေါ် သုံးသပ်ပြောဆိုခဲ့ပါတယ်။
သောရိုးဟာ အတွေးအခေါ်ထဲမှာပဲ နစ်မျောနေတတ်တဲ့သူမျိုးတော့ မဟုတ်ပါဘူး။ လေးနက်တဲ့ အတွေးအခေါ်ထဲမှာ နစ်မွန်းပြီး ပတ်ဝန်းကျင်ကို လျစ်လျူရှုတတ်တဲ့ တောမှီရသေ့မျိုး မဟုတ်ပါဘူး။ တွေးခေါ်ရှင်စစ်စစ်ဖြစ်ဖို့အတွက် ကိုယ့်အတွေးအခေါ်နဲ့အညီ ကျင့်ကြံနေထိုင်ရမှာ ဖြစ်သလို ဘဝပြဿနာတွေကိုလည်း လက်တွေ့ဖြေရှင်းပေးရမယ်လို့ ဆရာကြီးသောရိုးက ဆိုပါတယ်။ ဒီလို လက်တွေ့ကျတဲ့ အတွေးအခေါ်တွေကတဆင့် အနုနည်းနိုင်ငံရေး အာခံမှု (Civil Disobedience) ဆိုတဲ့ ကမ္ဘာကျော် နိုင်ငံရေးစာတမ်းကြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဒီစာတမ်းဟာ ၂၅ နှစ်အရွယ်မှာ သူ တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံရေးစိန်ခေါ်မှုကို ပြန်လည် တုံ့ပြန်ရာမှ ပေါ်ပေါက်လာတာပါ။ ဆရာကြီးသောရိုးဟာ ၂၅ နှစ်အရွယ် ရောက်တော့ သူ့ဇာတိမြို့ရဲ့ အစွန်အဖျား တောအုပ်ကလေးထဲမှာ တကိုယ်တည်း နေထိုင်နေပါတယ်။ သဘာဝကို ချစ်မြတ်နိုးသူ ဖြစ်တဲ့အတိုင်း တောအုပ်ကလေးထဲမှာ နေရတာကို ပျော်မွေ့နေခဲ့ပါတယ်။ ဒီလိုနေထိုင်ရင်း တစ်နှစ်အကြာမှာ သူ့ဆီကို အစိုးရရဲ့ အကောက်ခွန်အရာရှိတစ်ယောက် ရောက်လာပါတယ်။ အကောက်ခွန်အရာရှိက သောရိုးဆီက ခြောက်နှစ်စာ အခွန်အတုပ်ကို တောင်းပါတယ်။ ဆရာကြီး သောရိုးဟာ စီးပွားရေးသမားလည်း မဟုတ်သလို ပိုင်ဆိုင်မှုလည်း ဘာမှမရှိတဲ့အတွက် ဝင်ငွေခွန်တို့ အမြတ်ခွန်တို့ ပေးဆောင်ဖို့ မလိုပါဘူး။ သို့ပေမဲ့ အဲဒီခေတ်မှာ ပေးရတဲ့ အခွန်တစ်မျိုးကိုတော့ ပေးရန် ရှိနေပါတယ်။ ဒီအခွန်ကို “poll tax” လို့ ခေါ်ပါတယ်။ မဲထည့်ခွင့်အတွက် ပေးရတဲ့ အခွန်ပါ။ ဒီအခွန်ကို ပေးတဲ့သူမှ မဲထည့်ခွင့်ရပြီး ဒီအခွန်မပေးရင် မဲထည့်ခွင့် မရပါဘူး။
ဆရာကြီးသောရိုးဟာ အုပ်ချုပ်နေတဲ့ အစိုးရကို သဘောမကျတဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်က အမေရိကန်အစိုးရဟာ မက္ကဆီကိုနိုင်ငံနဲ့ စစ်ဖြစ်နေသလို ကျွန်ရောင်းကျွန်ဝယ် စနစ်ကိုလည်း လက်ခံနေတဲ့ အစိုးရပါ။ ဒါကို သောရိုးက လုံးဝ ဆန့်ကျင်ပါတယ်။ ဒီလိုအစိုးရမျိုးရဲ့ အသက်ရှည်ရေးကို အထောက်အပံ့ပြုမယ့် အကောက်ခွန်ကို လုံးဝမပေးချင်ပါဘူး။ ပေးရမယ့် အကောက်ခွန်က ပြောပလောက်တာ မဟုတ်ပေမယ့် မပေးနိုင်ဘူးလို့ အကောက်ခွန်အရာရှိကို ပြောလိုက်ပါတယ်။ ဒါဆိုရင် ထောင်ထဲမှာ နေရလိမ့်မယ်လို့ အရာရှိက ပြန်ပြောတဲ့အခါ ဆရာကြီး သောရိုးက မဆိုင်းမတွဘဲ ထောင်ထဲကို ပို့ဖို့ ပြောပါတယ်။ ဆရာကြီးသောရိုးဟာ အစိုးရကို အာခံမှုနဲ့ ထောင်ထဲ ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဒေါ်တစ်ယောက်က သူ ပေးဆောင်စရာရှိတဲ့ အခွန်ကို ပေးလိုက်တဲ့အတွက် ထောင်ထဲမှာ တစ်ညပဲ အိပ်လိုက်ရပြီး ပြန်ထွက်လာရပါတယ်။
ဒီဖြစ်ရပ်အပေါ်မှာ မိတ်ဆွေကြီးအီမာဆင်နဲ့ သဘောထားကွဲခဲ့ပါတယ်။ ဒီလောက် ငွေကလေးနဲ့ ထောင်ထဲ ဝင်တာကို အီမာဆင်က သဘောမကျပါဘူး။ တကယ့် ပြဿနာကိုလည်း မပြေလည်စေနိုင်ဘူးလို့ အီမာဆင်က ယူဆပါတယ်။ ဆရာကြီးသောရိုးကတော့ အစိုးရရဲ့ မတရားမှုတွေနဲ့ မှားယွင်းမှုတွေကို ရဲရဲဝံ့ဝံ့ အာခံဆန့်ကျင်ဖို့ အရေးဟာ နိုင်ငံသားကောင်းတိုင်းရဲ့ တာဝန်ပဲလို့ ခံယူပါတယ်။
အီမာဆင်က သူ ထောင်ကျတဲ့ နေရာကိုလာပြီး “သောရိုးရယ် ဘာအကြောင်းကြောင့် မင်းက ထောင်ထဲ ဝင်နေရတာလဲ”လို့ မေးတော့ သောရိုးကလည်း “အီမာဆင်၊ ခင်ဗျားကရော ဘာ အကြောင်းကြောင့် ထောင်ပြင်မှာ နေနေရတာလဲ” လို့ ပြန်ပြောခဲ့တယ်။
ထောင်ထဲမှာ တစ်ညတာ နေလိုက်ရတာဟာ သောရိုးအတွက် နိုင်ငံရေးအယူအဆတရပ်ကို ဖော်ထုတ်ဖို့ တွန်းအားပေးလိုက်တာပါပဲ။ နောက် တစ်နှစ်ကျော် နှစ်နှစ်နီးပါးအကြာမှာ အစိုးရနဲ့ ဆက်နွှယ်နေတဲ့ နိုင်ငံသားတို့ရဲ့ ရပိုင်ခွင့်နဲ့ တာဝန်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲကို လုပ်ပါတယ်။ ဒီဟောပြောပွဲမှာ ပြောခဲ့တာတွေကို ပြင်ဆင်မွမ်းမံပြီး အကြမ်းမဖက်တဲ့နိုင်ငံရေးအာခံမှု (Civil Dis -obedience) စာတမ်းကြီးကို ၁၈၄၉ ခုနှစ်မှာ ရေးသား ထုတ်ဝေခဲ့ပါတယ်။
ဒီစာတမ်းမှာ အစိုးရနဲ့ နိုင်ငံသားအကြားက ဆက်ဆံရေးအကြောင်း ရေးသားထားပါတယ်။ “အကောင်းဆုံးအစိုးရဆိုသည်မှာ ထိန်းချုပ်ကွပ်ညှပ်မှု အနည်းဆုံး အစိုးရ ဖြစ်သည်” လို့ သောရိုးက ဆိုထားပါတယ်။ အစိုးရက ထုတ်ပြန်တဲ့အမိန့်တွေ၊ ပြဋ္ဌာန်းဥပဒေတွေဟာ အမှန်တရားကို ကိုယ်စားပြုတာ မဟုတ်ဘဲ အုပ်စိုးသူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့သာ အဓိက ဖြစ်တယ်။ ဒါကြောင့် အုပ်ချုပ်ခံတိုင်းသူပြည်သားများအနေနဲ့ အစိုးရထုတ်ပြန်တဲ့ အမိန့်တိုင်း ဥပဒေ တိုင်းကို လိုက်နာစရာ မလိုဘူး။ လိုက်နာခြင်းဟာ ကိုယ့်ရဲ့ အကျင့်သီလစိတ်ကို အဆုံးရှုံးခံလိုက်ခြင်း ဖြစ်တယ်။ အကျင့်သီလစိတ်ကို ဆုံးရှုံးသွားတာဟာ လူသားတစ်ဦးအဖြစ်က ဆုံးရှုံးသွားခြင်းဖြစ် တယ်လို့ သောရိုးက ပြောပါတယ်။ ဒါကြောင့် အကျင့်သီလစိတ်ရှိတဲ့ လူသားတစ်ယောက်ဟာ မတရားတဲ့ ဥပဒေတွေကို ထုတ်ပြန်နေတဲ့ အစိုးရကို ရပ်တန့်သွားအောင် လုပ်ရမယ်။ အစိုးရတစ်ခုက မတရားတဲ့ဥပဒေတွေ ထုတ်ပြန်နေတာဟာ သူ့ကိုယ်သူ သက်ဆိုးရှည်အောင် ဖန်တီးနေခြင်းသာ ဖြစ်တယ်။ အစိုးရဟာ စက်ယန္တရားတစ်ခုနဲ့ တူတယ်။ ဒီစက်ယန္တရားကို ရပ်တန့်အောင်လုပ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ ဒီတာဝန်ဆိုတာက အစိုးရဆိုးများ ထုတ်ပြန်တဲ့ ဥပဒေတွေကို အာခံချိုးဖောက်ဖို့ပဲ လို့ ပြောပါတယ်။
သောရိုးဟာ အခွန်လာကောက်တဲ့ အစိုးရဝန်ထမ်းကိုလည်း အစိုးရကောင်းတရပ် ဖန်တီးဖို့ ဝန်ထမ်းများမှာ တာဝန်ရှိကြောင်း ရှင်းပြခဲ့ပါတယ်။ သောရိုးဆီက အခွန်ကို မရတဲ့အခါ သူ ဘာ ဆက်လုပ်ရမလဲလို့ အခွန်ကောက်သူက မေးပါတယ်။ “နိုင်ငံသားကောင်း တစ်ယောက်အနေနဲ့ အစိုးရ ဝန်ထမ်းအဖြစ်က နုတ်ထွက်ပစ်လိုက်ပါ” လို့ အကြံပေးလိုက်ပါတယ်။ အစိုးရဝန်ထမ်းအဖြစ်နဲ့ မတရားတဲ့ ဥပဒေတွေကို ပြည်သူတွေ လိုက်နာအောင် လုပ်နေမယ့်အစား ဝန်ထမ်းဘဝက နုတ်ထွက် ပစ်လိုက်တာက လူသားရဲ့ ဂုဏ်သိက္ခာနဲ့ ပိုပြီးညီညွတ်တယ်လို့ ဆရာကြီးသောရိုးက ယူဆပါတယ်။
သောရိုးကိုယ်တိုင် ထောင်ကျခံရဲခဲ့တာဟာလည်း လူ့ဂုဏ်သိက္ခာကို ပဓာနထားတဲ့ အယူအဆ တစ်ခုကို ကိုင်စွဲထားလို့ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အယူအဆက ဒီလိုပါ။
“အစိုးရတို့သည် မည်မျှ အင်အားရှိသည်ဆိုစေကာမူ လူတစ်ယောက်၏ စိတ်ဓာတ်ခွန်အားကိုကား မယှဉ်နိုင်ပါ။ အစိုးရ၏ အင်အားသည် ရုပ်ပိုင်းဆိုင်ရာ အင်အားသာဖြစ်၍ လူသား၏ ကြီးကျယ်မြင့်မြတ်သော စိတ်ဓာတ်ခွန်အားကို မထိပါးနိုင်ပါ။ လူသားတစ်ယောက်သည် အမှန်တရားကို ဦးထိပ်ထားခြင်းဖြင့်သာ လွတ်လပ်မှုကို ရရှိမည်ဖြစ်ပြီး အုပ်စိုးသူအစိုးရကို ကြောက်လန့်သဖြင့် မှားယွင်းသော ဥပဒေများကို လိုက်နာနေပါမူကား လွတ်လပ်မှုကို ဆုံးရှုံးကာ ကျေးကျွန်ဘဝသို့ ကျရောက်သွားလေတော့သည်။”
မောင်သာမည