စစ်တပ်က ထိန်းသိမ်းထားတဲ့ ရခိုင်ဝန်ကြီးချုပ်ဦးညီပု အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ဝန်ကြီးအချို့ဟာ ဂွမြို့ကိုရောက်ရှိနေစဉ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
လက်ရှိအချိန်ထိတော့ နေအိမ်ကို ပြန်မရောက်သေးသလို ဝန်ကြီးချုပ်ရဲ့ဖုန်းကိုလည်း ဆက်သွယ်လို့ မရသေးဘူးလို့ တောင်ကုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
“မနေ့က မနက်အစောကြီး လေးငါးနာရီလောက်မှာပဲ ဂွကနေပြီးတော့ အမှတ် ၅၆၂ တပ်ထဲကို ခေါ်သွားတယ်လို့ပြောတယ်။ ၅ နာရီခွဲ၊ ၆ နာရီလောက်မှာတော့ မိသားစုကိုလာခေါ်တယ်လို့ သိရတယ်။ အဲဒီတော့ ဇနီးကနေပြီးတော့ သူ့ယောကျ်ား နဲ့တွေ့ချင်တယ်ဆိုတော့ ၅၆၂ တပ်ထဲမှာရှိပါတယ်၊ တွေ့ခွင့်မရှိပါဘူးဆိုပြီးတော့ ပြောတယ်။ မနက် ၉ နာရီ၊ ၁၀ နာရီလောက်မှာတော့ မိသားစုကိုပါ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရတယ်။ ကုန်ခဲ့တဲ့ ၁၀ မိနစ်လောက်က ဆက်သွယ်တာ မိသားစုတွေကပြောတာက မလွတ်လာသေးဘူးလို့ ပြောတယ်။ သူ့ဖုန်းကိုခေါ်တော့လည်း ဖုန်းကိုင်တာမရှိပါဘူး။”
ဝန်ကြီးချုပ်နဲ့အတူ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်ဝန်ကြီး ဦးဝင်းမြင့် ထိန်းသိမ်းခံထားရတယ်လို့ စိုက်ပျိုးရေး/မွေးမြူရေး၊ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးကျော်လွင်က ပြောပါတယ်။
“အစိုးရအဖွဲ့ ဒီမှာကျန်ခဲ့တဲ့သူတွေက ကျနော်ကျန်ခဲ့တယ်၊ လုံနယ်ဝန်ကြီးကျန်ခဲ့တယ်၊ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်း ကျန်ခဲ့တယ်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်းကွေ့၊ ရှိတာလည်း အစိုးရအဖွဲ့မှာ ဒီလောက်ပဲရှိတာ။ လုံနယ်ဝန်ကြီးကတော့ နေအိမ်မှာရှိတယ်၊ ဒီနေ့မနက်ကတော့ အပြင်ကိုကားနဲ့ ထွက်သွားတာကိုတွေ့လိုက်ရတယ်၊ ကျနော်တို့ကိုတော့ အပြင်ကို ထွက်ခွင့်မပေးသေးဘူးပေါ့။”
လက်ရှိမှာ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးတွေမှာ တပ်မတော်က လုံခြုံရေးချထားပြီး ဝင်ထွက်ခွင့်မပြုဘူးလို့ သိရပါတယ်။