ရခိုင်ဝန်ကြီးချုပ်နှင့်လယ်ဆည်ဝန်ကြီး အပါအဝင် ၁၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
August 22, 2020
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက ဝန်ထမ်းတဦးမှာ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် လူနာနဲ့ ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ လယ်ဆည်ဝန်ကြီး အပါအဝင် အစိုးရအဖွဲရုံးက ဝန်ထမ်း ၁၇ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို သြဂုတ်လ ၂၀ ရက်နေ့က စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက ပြောပါတယ်။
စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က “စစ်ဆေးချက်အဖြေက ဝန်ကြီး ၂ ဦး အပါအဝင်အားလုံး Negative ဖြစ်ပါတယ်။ လယ်စိုက် အစည်းအဝေးမှာ ရခိုင်ပြည်နယ်က ခရိုင်နဲ့ မြို့တွေက ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတွေပါ တက်ရောက်ကြတယ်။ အရေအတွက် ဘယ်လောက်လဲတော့ မပြောနိုင်ဘူးဗျ။ သူတို့ကိုလည်း သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်တွေကနေ စစ်ဆေးမှုတွေ ပြုလုပ်သွားပါလိမ့်မယ်” လို့ DVB ကို အတည်ပြု ပြောပါတယ်။
အသက် ၂၉ နှစ်အရွယ် ကိုဗစ်လူနာအမှတ် ၃၉၆ (အမျိုးသမီး) မှာ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတဦးဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်သူတဦး ဖြစ်ပါတယ်။
အဆိုပါ ရခိုင်ပြည်နယ်အစိုးရ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး တက်ရောက်ခဲ့တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့က ဒုမြို့နယ်အုပ်ချုပ်ရေးမှူ ၆ ဦးကိုလည်း Quarantine ထားရှိထားပြီး ဓာတ်ခွဲနမူနာတွေ ရယူစစ်ဆေးမယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DVB ကို အတည်ပြုပြောပါတယ်။
“မောင်တောမြို့က ၄ ဦး၊ မြို့နယ်က ၂ ဦး ခရိုင်က ၂ ဦး။ ဘူးသီးတောင်က ၂ ဦး၊ အားလုံး ၆ ဦး သူတို့ကို ထွေအုပ်ဝန်ထန်းရိပ်သာတွေမှာပဲ Quarantine ထားထားတယ်။ သူတို့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေ စစ်ဆေးဖို့ပို့ထားတယ်။”
အဆိုပါ ရခိုင်ပြည်နယ်အစိုးရ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေးကို ရခိုင်ပြည်နယ် ခရိုင် ၅ ခုမှ ခရိုင်နဲ့မြို့နယ် ဒုအုပ်ချုပ်ရေးမှူးတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
လင်းလက်