နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ဝင်တွေက တပ်မတော်က ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့သလို သက်ဆိုင်ရာ တိုင်းနယ်ပြန်နယ်အသီးသီးက ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ ဝန်ကြီးတွေ ဖမ်းဆီး ထိန်းသိမ်းခံရပြီးနောက် မနက်ပိုင်းမှာတော့ တိုင်းအစိုးရအဖွဲ့ရုံးနဲ့ တိုင်းဒေသကြီးလွှတ်တော်ကို တပ်မတော်က ကားတွေနဲ့ရောက်ရှိလာပြီး လုံခြုံရေးယူခဲ့ပါတယ်။
တိုင်းအတွင်းက ဥပဒေရုံး၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့ရုံးတွေကို တပ်မတော်က လုံခြုံရေးအင်အား အပြည့်နဲ့ လုံခြုံရေးယူထားသလို တိုင်းအတွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ရုံးတွေကိုလည်း စစ်တပ်က ဝင်ရောက်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
တပ်မတော်က အာဏာသိမ်းပြီး မနက်ပိုင်းမှာတော့ ပုသိမ်မြို့ပေါ်ရှိ စျေးတွေမှာ အခြေခံစားသောက်ကုန်လာဝယ်သူတွေများပြားသလို ဘဏ်တွေမှာ ငွေလာထုတ်တာမျိုးတွေလည်း အများအပြားရှိနေပါတယ်။
တပ်မတော်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို တော့ ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးမယ့် လွှတ်တော်ကိုယ်စားလှယ် တချို့ကတော့ ရှောင်တိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)