Home
မြန်မာသတင်း
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်ပြီးဆုံး၊ ပြည်သူ့ဟစ်တိုင် အသုံးပြုခွင့်မရခဲ့
နော်နိုရင်း
·
January 27, 2021
143411496_1340965556254366_5196113777709392662_n

ကယားပြည်နယ်လွှတ်တော်ရုံးဝန်းအတွင်း တည်ဆောက်ထားတဲ့ ပြည်သူဟစ်တိုင်ဟာ ပြည်သူတွေတောင်းဆိုမှုတွေပြုလုပ်ဖို့ တည်ဆောက်ခဲ့တာဖြစ်ပေမဲ့ တောင်းဆိုခွင့်မရခဲ့ဘူးလို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ  ဦးလှထွေးက ပြောပါတယ်။ 

ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအစည်းအဝေး နှုတ်ဆက်အမှာစကားမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။ 

ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ  ဦးလှထွေးက “ဟစ်တိုင်ကျနော်တည်ဆောက်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ ဒီ UNDP ရဲ့အစီအစဉ်နဲ့ တနိုင်ငံလုံးရဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ လေ့လာရေးသွားတဲ့အချိန်မှာ ကျနော်တို့ ဟောင်ကောင်ကို လေ့လာရေးသွားခဲ့ရပါတယ်။ အဲဒီမှာ ကျနော်တို့ ရောက်တဲ့နေ့ပဲ ဟောင်ကောင်လွှတ်တော်ရဲ့ ပရဝဏ်နားမှာ ဟောင်ကောင်က ဆရာဝန်တွေစုရုံးပြီးတော့ နေတာကိုတွေ့ရတဲ့အတွက်ကို ကျနော်မေးကြည့်တော့ သူတို့ ကျန်းမာရေးဝန်ကြီးရဲ့ ဆေးတမျိုးနဲ့ပတ်သက်ပြီး မကျေနပ်လို့ လာရောက်စုရုံးတယ်ဆိုတဲ့ အကြောင်း သိရပါတယ်။  ကျနော်တို့လည်း အပေါ်မှာသက်ဆိုင်ရာ ပို့ဆောင်ပေးတဲ့လူနဲ့ လေ့လာပြီး ပြန်ဆင်းတဲ့အချိန်ကျတော့ အားလုံးမရှိတော့ဘူးပေါ့။ မရှိတဲ့အချိန်မှာ ကျနော်က မေးလိုက်တဲ့အခါကျတော့ သူတို့ သက်ဆိုင်ရာဝန်ကြီးကို ဒီကိုခေါ်ပြီးမှ လွှတ်တော်ကနေ ဖြေရှင်းဆောင်ရွက်ပေးတဲ့အတွက်ကို ပြီးဆုံးသွားတယ်ဆိုတဲ့အကြောင်း သိတဲ့အတွက်ကို ကျနော်က ဒီဟစ်တိုင်ကို ဆောက်ရခြင်းဖြစ်ပါတယ်။ ကျနော့်ရည်ရွယ်ချက်ကတော့ ဆန္ဒပြမယ် မကျေနပ်ချက်ကို ဘာဘာပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ မြို့ထဲမှာလူတွေ ရှုပ်မယ်။ ကားလမ်းတွေ ပိတ်မယ်ပေါ့။ နောက်ကျနော်တို့ကလည်း မကျေနပ်တာက မြန်မာနိုင်ငံသား၊ ဖြေရှင်းပေးရမှာကလည်း မြန်မာနိုင်ငံသား၊ ပေါင်းစပ်ပေးရမှာကလည်း မြန်မာနိုင်ငံသားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီတိုင်ဆောက်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကျနော်တို့ စိတ်မကောင်းစွာနဲ့ ကျနော်တို့ ဒီ ၅ နှစ်သာ ပြည့်သွားတယ်။ ကျနော်တို့ဒါကြီးကတော့ အသုံးပြုခွင့်မရှိခဲ့ပါဘူး။ ဒီဟာနဲ့ ပတ်သက်ပြီးမှလည်း ကျနော်တို့ ပြည်ထောင်စုမှာ ဥပဒေပြင်ဖို့ ကျနော်တို့တင်ခဲ့ပြီးဖြစ်ပါတယ်။ ”

ဒီဟစ်တိုင်မှာ ပြည်သူတွေအနေနဲ့ လာရောက်ပြီးဆန္ဒမထုတ်ဖော်နိုင်ရတာဟာ ငြိမ်းစုစီဥပဒေ ရှိနေတာကြောင့်ဖြစ်တယ်လို့  လွှတ်တော် ဥက္ကဋ္ဌက  ဒီဗွီဘီကို ဖြေကြားခဲ့ပါတယ်။

“ကျနော်တို့က ငြိမ်းစုစီ ဥပဒေရှိတဲ့အတွက်ကို အဲဒါနဲ့ ငြိတယ်ဆိုပြီးမှ မလုပ်ရဘူးပေါ့။ အရင်က ကျနော်တို့ ဗိုလ်ချုပ်ကြေးရုပ်နဲ့ဆန္ဒပြပြီးမှ ကျနော်တို့ဆီမှာ တရက်လာမယ်ဆိုခါမှ ကျနော်တော်တော်ကြီး ရှင်းခဲ့ရတယ်လေ။ အမှန်မှာကတော့ ကျနော်ခုန ပြောခဲ့သလိုပဲ ကျနော်တို့ဆန္ဒပြတာကလည်း မြန်မာနိုင်ငံသား၊ အပြခံရတာလည်း မြန်မာနိုင်ငံသားပဲ။ ဖြေရှင်းပေးမှာကလည်း မြန်မာနိုင်ငံသားပဲ။ အဲဒီသုံးဦးသုံးဘက် သူလည်း သူအစာ မကျေတဲ့ဟာ ပြောပြ၊ ဒီကလည်း သူလုပ်ပေးနိုင်တာပြောပြ၊ အလယ်ကလည်းဖြေပေးလို့ရှိရင် ကောင်းမှာပဲ။ အဓိက ပြည်သူအတွက်ပေါ့။ ပြည်သူအတွက်ဆိုရင် ကိုယ့်မြန်မာနိုင်ငံသား ၃ ယောက်ဆိုရင် ဘာမဆို ပြေလည်ပါတယ်ဗျာ။ ”

ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ကယားပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံး အစည်းအဝေးအတွင်းမှာ ကယားပြည်နယ်လွှတ်တော်ကြီးကို  အားပေးခဲ့တဲ့ ရေးရာကော်မီတီအဖွဲ့ဝင်တွေကိုလည်း ကျေးဇူးကြောင်း၊ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မီတီနဲ့ တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့ကို အထူး ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင်  ၅ နှစ်သက်တမ်းကာလအတွင်း တယောက်နဲ့တယောက်အမြင်စောင်းတာ၊ မကျေနပ်တာတွေ ရှိခဲ့နေပေမယ့် ဒါဟာ တာဝန်တရပ်အနေနဲ့ လုပ်ဆောင်တယ်ဆိုတာ မြင်စေချင်ကြောင်းနဲ့ ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013