Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်တွင် အမျိုးသား ၁ ဦး မိုင်းထိမှန် ဒဏ်ရာရ
DVB
·
January 27, 2021
142900652_3917594694957477_7768509105606534610_n

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းရွာမှာ ဇန်နဝါရီ ၂၆ ရက် ညနေ ၄ နာရီကျော်လောက်က  အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့လို့ ဒဏ်ရာရ သွား ပါတယ်။

ညောင်မောင်းကျေးရွာသား စိုင်းသိန်းအောင် ၃၅ နှစ်ဟာ ရွာနဲ့ ၂ မိုင်ကျော်မှာ မြင်းသွားရှာရင်း မိုင်းနင်းမိတာဖြစ်ပြီး ညာဒူး၊ ပေါင်ရင်းနဲ့ တင်ပဆုံပေါက်ပြဲဒဏ်ရာပြီး မနေ့ည  ၉ နာရီခွဲလောက်က ကျောက်မဲ ဆေးရုံရောက်လာတယ်လို့  ကိုဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။

မိုင်းထိလူနာကို ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ နမ့်ခုံးရှမ်းများ ပရဟိတအသင်းဝင် စိုင်းလွမ့်ခေးက “ သူမြင်းသွားရှာရင်းနဲ့ သွားနင်းမိတော့ အသံကြားလို့ဆိုပြီးတော့ ရွာနဲ့လည်း သိပ်မဝေးဘူး။ ရွာနဲ့ အလွန်ဆုံးဝေးမှ ၁ မိုင်၊ ၂ မိုင်လောက်ဝေးမယ်။ မိုင်းကွဲသံကြားတော့ ရွာထဲကလူတွေ သွားကြည့်ကြတာ။ အချိန်တော့ အတိအကျ မသိဘူး။ ၄ နာရီကျော်၊ ၄ နာရီခွဲ ကြားပေါ့။ အဲဝန်းကျင်လောက်မှာ။ အဲမှာ သူတို့ ရွာကို ပြန်သယ် လာပြီးမှ ကျနော်တို့ကို အကြောင်းကြားတယ်။"လို့ ပြောပါတယ်။

မိုင်းနင်းမိတဲ့ စိုင်းသိန်းအောင်ဟာ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပြီး ဒဏ်ရာဟာ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

လက်ဖက်ခြံတွေကို အားထားပြီး လုပ်ကိုင်စားသောက်နေကြရတဲ့ ဒေသခံတွေအနေနဲ့ စစ်ကြွင်းစစ်ကျန် မြေမြှုပ်မိုင်းတွေ မကြာမကြာ ပေါက်ကွဲမှုကြောင့် လုပ်ကိုင်စားသောက် သွားလာဖို့  ကြောက်ရွံ့ စိုးရိမ်နေကြရပါတယ်။

သတင်း - Pra Jaw၊ ဓာတ်ပုံ - နမ့်ခုံးရှမ်းများပရဟိတအသင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024