ကိုဗစ်ကာကွယ်ဆေးတွေ အလုံအလောက်ထုတ်လုပ်နိုင်ပြီး တင်သွင်းခွင့်ရပါက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေကို ရောင်းချအသုံးပြုခွင့် ပြုသွားမယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲရဲ့ ညွှန်ကြားရေးမှူးက ပြောပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို အမေရိကန်၊ ဗြိတိန်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့က ထုတ်လုပ်နေကြပေမယ့်လည်း လက်ရှိမှာတော့ အစိုးရ အချင်းချင်းရောင်းချပြီး အရေးပေါ် သုံးစွဲခွင့်ပြုဖို့ အကန့်အသတ်နဲ့ ထုတ်လုပ်နေတဲ့အဆင့်ပဲ ရှိပါသေးတယ်။
ဒါကြောင့် အဲဒီနိုင်ငံတွေက ကာကွယ်ဆေးအလုံလောက် ထုတ်လုပ်နိုင်ပြီး ပြည်ပနိုင်ငံတွေကို တင်သွင်းရောင်းချခွင့်ပြုတဲ့ အချိန်ရောက်ရင်တော့ ပုဂ္ဂလိဆေးရုံ၊ ဆေးခန်းတွေကို ရောင်းချ အသုံးပြုခွင့်ပြုသွားဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတွေက ပြောဆိုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တင်သွင်းခွင့်ရမယ့် ကိုဗစ်ကာကွယ်ဆေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခွင့်ပြုထားတဲ့အပြင် မြန်မာနိုင်ငံ FDA ကလည်း အသိအမှတ်ပြုတဲ့ ဆေးဖြစ်ဖို့လိုအပ်သလို ဆေးအာနိသင် မပျက်အောင်လို့ ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့လည်း ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
ဒါပေမဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို တရားမဝင် တင်သွင်းရောင်းချတာ တွေ့ရှိပါက အရေးယူဆောင်ရွက်သွားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပြီး ဖြစ်ပါတယ်။
ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ ကိုဗစ်ကာကွယ်ဆေးကို ကိုယ်ပိုင်ဝယ်ယူ တင်သွင်းခွင့်ပြုမယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုရအောင် အစိုးရအနေနဲ့ မူဝါဒတွေကို အတိအကျ ထုတ်ပြန်ထားဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ် က အကြံပြုပြောဆိုပါတယ်။
လက်ရှိမှာတော့ ကိုဗစ်ကုသရေးအတွက် အစိုးရက ခွင့်ပြုထားတဲ့ဆေးရုံက ပန်းလှိုင်ဆေးရုံ တစ်ခုသာရှိပါတယ်။
သူဇာလင်း