ကိုဗစ်ကာကွယ်ရေးနည်းလမ်းများ မလိုက်နာပါက ရောဂါကူးစက်နှုန်း ပြန်မြင့်လာမည်
DVB
·
January 24, 2021
လက်ရှိမှာ ကိုဗစ်လူနာတွေ့နှုန်း လျော့လာနေပေမယ့် ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေကို မလိုက်နာရင် ရောဂါကူးစက်ဖြစ်ပွားတဲ့နှုန်း ပြန်မြင့်လာမယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံတွင် အခုလက်ရှိအချိန်အထိ တွေ့ရတဲ့ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ ၁၃၇,၀၉၈ ယောက်ထဲမှာ ၆၃ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာ တစုံတရာမရှိဘဲ ပြင်ပအမြင်မှာ လူကောင်းပကတိသဖွယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။
အဲဒီလို ရောဂါလက္ခဏာတခုမှမရှိဘဲ ရောဂါရှိနေသူတွေဟာ ရောဂါပိုး သယ်ဆောင်နေသူတွေဖြစ်ပြီး တခြားသူတွေဆီကို ရောဂါကူးစက်စေနိုင်တယ်ဆိုတဲ့ အချက်ကို ပြည်သူတွေအနေနဲ့ အထူး (အထူး) သတိပြုကြပြီး ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းတွေကို တိတိကျကျ လိုက်နာကြဖို့ အရေးကြီးတယ်လို့လည်း ထုတ်ပြန် သတိပေးထားပါတယ်။
အပြင်ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်းတပ်ကြဖို့၊ လူစုလူဝေးရှောင်ပြီး ခပ်ခွာခွာနေကြဖို့၊ တခုခုကိုင်ပြီးတိုင်း မျက်နှာကို မကိုင်တွယ်ခင် ဆပ်ပြာနဲ့ လက်ဆေးကြဖို့ စတာတွေကို ကျန်းမာရေးဌာနက အမြဲ တိုက်တွန်းနေတာပါ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၉ ရက်အတွင်း ပိုးတွေ့သူ အရေအတွက်ဟာ လူ ၁၀၀ စစ်ဆေးရင် ၃ ယောက်ရဲ့ အောက်ကို ရောက်နေပြီဖြစ်ပါတယ်။
ဒါပေမယ့် ကိုဗစ် ပိုးတွေ့အတည်ပြုလူနာတွေထဲက နေ့စဉ်သေဆုံးသူအရေအတွက်ကတော့ သိသိသာသာ ကျမလာသေးဘဲ နေ့စဉ်ဆိုသလို ကိုဗစ်လူနာ သေဆုံးသူတွေထဲမှာ တခြားရောဂါအခံမရှိသူ ၃ ပုံ ၁ ပုံလောက် ပါဝင်နေပါတယ်။