ဝိုင်းမော်မြို့၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၉ ဦး စံချိန်တင်တွေ့
DVB
·
January 22, 2021
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ ဇန်နဝါရီ ၂၁ ရက်က တစ်ရက်ထဲ ပိုးတွေ့လူနာ ၉ ယောက် အထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနက သိရပါတယ်။
ဇန်နဝါရီ ၁၉ ရက် မှာတွေ့ရှိခဲ့တဲ့ မြစ်ကြီးနားပိုးတွေ့လူနာတွေနဲ့ ဆက်စပ်သူတွေကို စုံစမ်းစစ်ဆေးရာမှ မိုင်းနားကျေးရွာအုပ်စု မခေါယန်မှာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက် စုစုပေါင်း ၈ ယောက်နဲ့ ဝိုင်းမော်အားကစားရုံမှာ တွဲကားသမားတွေကို စစ်ဆေးပေးရာမှာ ယာဉ်မောင်း ၁ ယောက် တို့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိ ပိုးတွေ့လူနာတွေကို ဝိုင်းမော်မြို့နယ်ဆေးရုံမှာ ကုသပေးနေကာ လူနာတွေနဲ့ ဆက်စပ်တဲ့ မိသားစု၀င်တွေကို ၂၁ ရက် အသွားအလာကန့်သတ်ထားပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သိန်းမြို့က ပြောပါတယ်။
ဝိုင်းမော်မြို့မှာ အရင်က ရန်ကုန်ပြန်၊ မန္တလေးကပြန်လာသူတွေမှာသာ ရောဂါပိုးတွေ့ရှိခဲ့ရာမှ အခုတစ်ခေါက်မှာ တစ်ရက်ထဲစံချိန်တင် ၉ ယောက်အထိတွေ့ရှိကာ မြစ်ကြီးနား၊ ဝိုင်းမော် ဒေသတွင်းကူးစက်မှုစတင်နေပြီဖြစ်လို့ လူစုလူဝေးမပြုလုပ်ဖို့နဲ့ ကိုဗစ်စည်းကမ်းလိုက်နာဖို့ မြို့နယ်ဆရာ၀န်ကြီးက သတိပေးတိုက်တွန်းထားပါတယ်။
ကချင်ပြည်နယ်မှာ စုစုပေါင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၈၁၀ ယောက်အထိရှိကာ လက်ရှိကုသဆဲလူနာ စုစုပေါင်း ၁၁၇ ယောက်အထိရှိပါတယ်။
သတင်း - ဇုန်းကျန်း CJ