Home
မြန်မာသတင်း
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဖေဖော်ဝါရီ ၉ ရက်နေ့ စတင်မည် 
DVB
·
January 22, 2021
118238116_2861066647450516_6126186183600908150_o
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းဝေးကို လာမယ့် ဖေဖော်ဝါရီ ၉ ရက် မနက် ၁၀ နာရီမှာ  ပြန်လည် ခေါ်ယူကျင်းပမယ်လို့ ကြေညာထားပါတယ်။  ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မုံရွာမြို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့ထက်မစော  ၆ ရက်နေ့ထက် နောက်မကျစေပဲ သတင်းပို့ကြဖို့ စစ်ကိုင်းတိုင်း လွှတ်တော် ဥက္ကဋ္ဌက  ဖိတ်ခေါ်ထားပါတယ်။ ဒီတကြိမ် လွှတ်တော်တက်ရမယ့် ကိုယ်စားလှယ်တွေအများစုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်တွေဖြစ်တဲ့အတွက် လွှတ်တော်အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာမှာ မြန်မြန်ဆန်ဆန်နဲ့ လုပ်ဆောက်နိုင်မယ်လို့ စစ်ကိုင်းတိုင်း အန်အယ်လ်ဒီ အတွင်းရေးမှူးလည်းဖြစ် ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ဦးမြင့်ကြည်က ပြောပါတယ်။ "ဦးတို့တိုင်းမှာ ၁၀၀ ရာခိုင်နှုန်း နီးပါးအနိုင်ရတယ်။ အဲလိုအနိုင်ရလိုက်တာဟာ အုပ်စုနဲ့ အနိုင်ကျင့်တာ မဟုတ်ဘူး။ ပြုပြင်ပြောင်းလဲရေးကာလမှာ မှန်ကန်တဲ့ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါ မြန်မြန်ဆန်ဆန်အကောင်ထည်ဖော်နိုင်တာပေါ့။ အဲဒါကို ဝမ်းသာနေရတယ်။ ပြည်သူတွေဘက်က တာဝန်ကျေပြီ၊ လွှတ်တော်အမတ်တွေဘက်က ကြိုးစားရတော့မယ်လို့ ပြောပါတယ်။ အခုတတိယအကြိမ်မှာ စစ်ကိုင်းတိုင်းလွှတ်တော်မှာ နိုင်ငံရေးအသိုင်းဝိုင်းကလာတဲ့ လူငယ်အများစုပါဝင်လာတာကိုလည်း တွေ့ရပါတယ်။ အသစ်တက်လာမယ့် လွှတ်တော်အမတ်တွေ သာမက အမတ်အဟောင်းတွေကိုပါ တိုင်းအန်အယ်လ်ဒီရုံးကနေ လွှတ်တော်ဆိုင်ရာ အသိပညာပေးသင်တန်းတွေ လုပ်ပေးခဲ့တာတွေလည်း ရှိတယ်”။ စစ်ကိုင်းတိုင်း ဒီမိုကရေစီကူညီသူများကွန်ရက်ဦးဆောင်သူ ကိုစိုးဝင်းဆွေကတော့ အန်အယ်လ်ဒီအမတ်တွေများတဲ့အတွက် အစိုးရကို အခက်တွေ့စေမယ့်ကိစ္စတွေ လွှတ်တော်မှာ တင်ပြဆွေးနွေးတာ အားနည်းသွားနိုင်တယ်လို့ သုံးသပ်ပြောပါတယ်။  "၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၅ ထက် အန်အယ်လ်ဒီအမတ် ပိုရရှိလာတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပြည်သူဘက်က ဒီမိုကရေစီ လိုလားနေတာကိုတွေရတယ်။ ပြည်သူဘက်က တာဝန်ကျေတယ်။ တစ်ပါတီထဲကနေလွှတ်တော်ရော၊ အစိုးရရောလွှမ်းမိုးလာနိုင်ရင် အားနည်းချက်ရော အားသာချက်ရော ရှိလာနိုင်တယ်။ အာနည်းချက်တွေက ဘာတွေကြုံရနိုင်လဲ ဆိုတော့ အစိုးရကလည်း ကိုယ့်ပါတီက ဖြစ်တယ်၊ လွှတ်တော်ကလည်း ကိုယ့်ပါတီက ဖြစ်တယ်ဆိုတော့ အစိုးရကို အကြပ်ရိုက်စေမယ့် ၊အခက်တွေ့စေမယ့် အရာတွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးတာတွေ အားနည်းသွာနိုင်တယ်။ ဒါမျိုးတွေ ရှိမလာနိုင်ဘူး ဆိုရင်တော့ တချို့ကိစ္စတွေမှာ ပြည်သူနစ်နာမှုမျိုး တွေ့ကြုံရမှာကိုစိုးရိမ်ရပါတယ်"လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိပါတယ်။ တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို အမျိုးသားဒီမိုကဒေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်  ၇၄ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးပါတီက ကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်ကိုယ်စားလှယ် ၂၅ ဦး စုစုပေါင်း ၁၀၁ တက်ရောက်ဖို့ လက်ရှိ တိုင်းလွှတ်တော်ဥက္ကဋ္ဌက  ဖိတ်ကြားထားပါတယ်။ သတင်း-ကျော်မင်းသန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013