Homeမြန်မာသတင်း
ဧရာဝတီတံတားတည်ဆောက်စဉ်က နစ်နာခဲ့သည့်တောင်သူများကို လျော်ကြေး ကျပ် သိန်း ၃၀၀၀ ကျော်ပေး
ဧရာဝတီတံတားတည်ဆောက်စဉ်က နစ်နာခဲ့သည့်တောင်သူများကို လျော်ကြေး ကျပ် သိန်း ၃၀၀၀ ကျော်ပေး
DVB
·
January 22, 2021
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှာ ဧရာဝတီတံတားတည်ဆောက်စဉ်က ပျက်စီးခဲ့တဲ လယ်မြေတွေအတွက် တောင်သူတွေကို နစ်နာကြေးအဖြစ် ငွေကျပ် သိန်း ၃၀၀၀ ကျော်ပေးအပ်ခဲ့ပါတယ်။
တံတားကြောင့် ပျက်စီးခဲ့တဲ့ လယ်မြေအတွက် ကျေးရွာ ၉ ရွာက တောင်သူ ၁၆၇ ယောက်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဇန်နဝါရီလ ၂၀ ရက်က တွေ့ဆုံပြီး ပျက်စီးခဲ့တဲ့မြေဧက အလိုက် လျော်ကြေးပေးခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။
ညောင်တုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်က "ပျက်စီးခဲ့တဲ လယ်မြေလျော်ကြေးငွေတွေကို သက်ဆိုင်ရာဌာန ဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ လွှတ်တော်မှာအဆိုတင်သွင်းပြီး လျော်ကြေးရရှိအောင် ကူညီပေးခဲ့တာပါ''လို့ ပြောပါတယ်။
လျော်ကြေးပေးအပ်ရာမှာ ညောင်တုန်းမြို့နယ် မြန်မာပြာသာအုပ်စုက တောင်သူ ၄၈ ယောက်ကို ငွေကျပ် ၅၄၇ သိန်း၊ စက္ကော့ရေလည် အုပ်စုက တောင်သူ ၉၃ ယောက်ကို ငွေကျပ် ၁၆၅၄ သိန်းကျော်နဲ့ ဆင်ထုံ အုပ်စုက တောင်သူ ၂၆ ယောက်ကို ငွေကျပ် ၉၆၇ သိန်းကျော်ကို ဆုံးရှုံး ခဲ့တဲ့ မြေဧကအလိုက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဧရာဝတီတံတားတည်ဆောက်စဉ် ကျေးရွာ ၉ ရွာက ပျက်စီးခဲ့တဲ့ လယ်မြေတွေအတွက် ၁ ဧကကို ငွေကျပ် ၂၅ သိန်းနှုန်းနဲ့ နစ်နာကြေးပြန်လည်ပေးအပ်ခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ထူးခြား (ညောင်တုန်း)