မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၃,၀၀၀ ကျော်အထိရှိလာ
DVB
·
January 21, 2021
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၄၄၅ ယောက်၊ သေဆုံးသူ ၁၆ ယောက် ထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူစုစုပေါင်း ၃၀၁၃ ယောက်အထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၂၁ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၉,၁၄၇ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၄၄၅ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။ သေဆုံးသူ ၁၆ ယောက်အနက် ၉ ယောက်ကတော့ ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၅၉ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၅၂၈ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၃၁ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၂၆၁ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၆,၁၆၆ ယောက်၊ သေဆုံးသူ ၃,၀၁၃ ယောက်၊ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁၉,၉၇၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- MOHS