၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်း အွန်လိုင်းမှ ကြည့်ရှုနိုင်
DVB
·
January 12, 2021
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းတွေကို ဇန်နဝါရီ ၁၇ ရက်ကစတင်ကာ အွန်လိုင်းက ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာ နက ထုတ်ပြန်ကြေညာပါတယ်။
ကမ္ဘာ့နိုင်ငံတွေနည်းတူ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုတွေကြောင့် အခြေခံပညာ ကျောင်းတွေ၊ တက္ကသိုလ်တွေကို လက်ရှိအချိန်ထိ ပိတ်ထားရဆဲဖြစ်ကာ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်သူတွေဟာလည်း စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။
လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကို ရှောင်ကြဉ်ကြဖို့ အစိုးရက တရား ဝင်ထုတ်ပြန်ထားတာမို့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်စာ ရင်းကိုလည်း အွန်လိုင်းကနေတဆင့် ထုတ်ပြန်ခဲ့ရတာပါ။
ခုတခါ အမှတ်စာရင်းကိုလည်း အွန်လိုင်းမှ ကြည့်ရှုနိုင်မှာဖြစ်ကာ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ မိမိတို့ရဲ့ စာမေးပွဲဖြေဆိုခဲ့တဲ့ ခုံအမှတ်၊ မွေးသက္ကရာဇ်တွေကို မှန်မှန်ကန်ကန်ဖြည့်စွက်ကာ https://mmexamscore.org အင်တာနက်ဝက်ဘ်စာမျက် နှာပေါ်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်မှု အခြေအနေအရ ရုံးတွေမှာ လာရောက်လျှောက်ထားခြင်း မပြုဖို့လည်း မေတ္တာရပ်ခံထားပြီး အမှတ်စာရင်းထုတ်ပေးနိုင်မှာ မဟုတ်ကြောင်းနဲ့ အမှတ်စာရင်းတွေကို ထုတ်ပေးမယ့် အစီအစဉ်ကို မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ ကြိုတင်အသိပေးမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။