Homeမြန်မာသတင်းကိုဗစ်-၁၉ အတည်ပြုလူနာများ နေထိုင်ခဲ့သည့်နေရာကို ကယားရိုးရာအရ ဆေးကြော
ပြည်နယ်ပြင်ပကုကုမ္ပဏီအလုပ်သမား ကိုဗစ်-၁၉ အတည်ပြုလူနာတွေ နေထိုင်ခဲ့တဲ့ ကယားပြည်နယ် လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာအုပ်စု အသုံးပြုနေတဲ့ ရေထွက်နဲ့ ရိုးရာကေ့ထျိုးဘိုး တံခွန်တိုင်နတ်နန်းထားရှိရာ နေရာကို ကယားရိုးရာအရ ဆေးကြောတောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်တုန်းက ဒေသခံတွေ အထွဋ်အမြတ်ထားရာနေရာမှာ ခွင့်ပြုချက်မတောင်းဘဲ နေထိုင်ခဲ့တာကြောင့် ဒေသခံတွေက ရွှေ့ပြောင်းခိုင်းခဲ့တာဖြစ်ပြီး အဲဒီနေရာကို ဇနဝါရီ ၉ ရက်နေ့က ကယားရိုးရာအနေနဲ့ ဆေးကြောတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကေ့ထျိုးဘိုးနတ်နန်းတွင်းမှာ ကြက်တကောင်နဲ့ ရိုးရာအတိုင်း နတ်ကိုပူဇော်ခဲ့သလို နတ်နန်းအနီး အလုပ်သမား တန်းလျားတည်ဆောက်တဲ့နေရာမှာလည်း ကြက်မတကောင်နဲ့ နတ်ကို ပူဇော်ပြီး ဆေးကြောတောင်းပန်ခဲ့ကြပါတယ်။
ရိုးရာ နတ်ဆရာ ဦးနျားရယ်က “ကြက်တွေက ကြက်ရိုးပေါ်မှာတော့ မူတည်တာပေါ့နော်။ ကြက်ရိုးက အောင်သွားပြီဆိုလို့ ရှိရင်တော့ ကျနော်တို့ ဒီပူဇော်ပသတဲ့လူလည်း လုပ်နိုင်မယ့် အနာဂတ် ရှေ့ဆက်ပြီးတော့ လုပ်နိုင်သေးတယ်ပေါ့။ အကယ်၍ ကြက်ရိုးက မကောင်းဘူး ဆိုလို့ရှိရင်တော့ ဒီပူဇော်ပသတဲ့၊ ဦးဆောင်ဦးစီးတဲ့ ပုဂ္ဂိုလ်တယောက်ကတော့ သူလုပ်နိုင်ဖို့လည်း အစီအစဉ်မရှိတော့ဘူးပေါ့။ နောက်ပြီးတော့ ဒီဘက်နေရာမှာကျတော့ မိုးလေဝသနဲ့ ဆိုင်တာပေါ့နော်။ ဒီကြက်ရိုးက ကောင်းသွားပြီဆိုလို့ရှိရင် မိုးလေဝသလည်း မှန်ကန်ရာမှန်ကန်ကြောင်း ပြန်ရောက်စေနိုင်တာပေါ့။ အကယ်၍ ကြက်ရိုးမကောင်းဘူးလို့ရှိရင် မိုးခေါင်ရေရှားတတ်တယ်။ အမှားက ရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ နောက်ပြီးတော့ ရောဂါဘယလည်း ရှိရင်ရှိတတ်ဦးမယ်ဆိုတဲ့အနေအထား။ ကြက်ရိုးက အောင်သွားပြီဆိုရင်တော့ ရောဂါဘယလည်း ကင်းသွားပြီ။ သံသယတွေလည်း ကင်းသွားပြီ။ နောက်မိုးလေဝသလည်း မှန်ကန်စေရမယ်ဆိုတဲ့ အနေအထားရှိပြီပေါ့။”
ဒီကနေ့ ပူဇော်ပသ ဆေးကြောမှုအရ ကြက်ရိုးထိုးဖတ်ကြည့်ရမှာ အခြေအနေအကာင်းတဲ့အတွက် ဒီ ကြက်အဆင့်နဲ့ ရပ်တန့်နိုင်ခဲ့ပြီး ကြက်ရိုးနိမိတ်ဖတ်အမှုအရ မကောင်းဘူးဆိုရင် ဝက်တို့၊ နွားတို့ကို တဆင့်တက် ပူဇော်ရတယ်လို့ နိုးကိုးကျေးရွာ သစ်တောထိန်းသိန်း ရေးကော်မီတီတင် ဦးဗျားရယ်က ပြောပါတယ်။
“ကြက်ရိုကြည့်ပြီးတဲ့နောက်ပိုင်း ဒီကြက်ရိုးအောင်သွားပြီဆိုတော့ အကုန်လုံးပေါ့ပေါ့ ပါးပါးနေလို့ရတယ်၊ စိတ်လည်းချမ်းသားပြီ။ ဒီစောင့်ရှောက်မယ့်ပုဂ္ဂိုလ်တွေလည်း သူတို့ ကျေနပ်မှုရှိသွားပြီ။ တခြားတဖက်နဲ့တဖက် မကျေမနပ်တာလည်း သိပ်မရှိတော့ဘူးပေါ့။ ”
နိုးကိုးစံပြကျေးရွာအနီး တည်ရှိတဲ့ နတ်နန်းနေရာမှာ ပြည်ကြီးငွေတောင်ကုမ္ပဏီက လမ်းခင်းဖို့ အလုပ်သမား ၃၀ ကို တဲတွေ ဆောက်လုပ်ထားရှိတာဖြစ်ပြီး အဲဒီထဲက ၁၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက် ကျေးရွာနေသူတွေ စိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီ နတ်နန်းရှိတဲ့ ရေထွက်မှာ ကျေးရွာ ၁၅ ရွာက ကေ့ထျိုးဘိုးတံခွန်တိုင်ပွဲတွေနဲ့ မိုးခေါ်ဆုတောင်းပွဲတွေကို နှစ်အလိုက် ပြုလုပ်ကြလေ့ရှိသလို ဂေဟစနစ် ထိန်းသိမ်းရာနေရာ အဖြစ် သတ်မှတ်ပြီး ရှားပါးစာရင်းဝင်အပင် အချို့လည်း ထိန်းသိမ်းထားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။