ပန်ဆန်းမြို့ကို lockdownd ချပြီး ကိုဗစ်-၁၉ ကြပ်မတ် စစ်ဆေးနေ
DVB
·
January 7, 2021
‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဗဟိုဌာနချုပ်ရှိရာ ပန်ဆန်း (ပန်ခမ်း) မြို့ကို ဇန်နဝါရီ ၆ ရက် ည ၁၂ နာရီကစပြီး Lockdown ချပြီး ဒေသခံတွေနဲ့ ပြင်ပဒေသကနေ လာရောက်သူတွေ အားလုံးကို ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ၊ မရှိ ကြပ်မတ် စစ်ဆေးပေးနေပါတယ်။
‘ဝ’ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက “ကျနော်တို့ ဗဟိုဌာနချုပ်၊ ပန်ဆန်းမှာပေါ့နော်။ ဒါ နမူနာတို့ဖတ်တွေ၊ ဒီရက်ပိုင်း စိစစ်မှုတွေ ပြုလုပ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အစိုးရဘက်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီး ကုသရေးနဲ့ ပတ်သက်ပြီး ကူညီဖို့ ကမ်းလှမ်းလာတာရှိပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း ပြင်ဆင်နေတယ်လို့ဆိုပါတယ်။
ပန်ဆန်းမြို့ရှိ ပြည်သူ့ဆေးရုံက ဝန်ထမ်းတွေလည်း ‘ဝ’ ကျန်းမာရေး အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်နေသလို တရုတ်နိုင်ငံ၊ မုံးလင်မြို့ရှိ ကြက်ခြေနီအသင်းနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေလည်း ပူးပေါင်းကူညီ နေတယ်လို့ ဦးညီရမ်းက ရှင်းပြပါတယ်။
လက်ရှိ ပန်ဆန်းမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅၃ ယောက်ရှိပြီး ရောဂါပြင်းထန်သူ မရှိသေးသလို သေဆုံးမှုလည်း မရှိသေးပါဘူး။ Negative ပြန်ဖြစ်သွားတဲ့ လူနာက ငါး၊ ခြောက်ယောက် ရှိပြီဖြစ်ကြောင်းနဲ့ နောက်ထပ်တစ်ပတ်၊ ဆယ်ရက်ဆိုရင်တော့ ဆေးရုံကနေ ဆင်းနိုင်တဲ့ အခြေအနေရှိပါတယ်လို့ ဆိုပါတယ်။
‘ဝ’ ဒေသထဲက ပန်ဆန်း(ပန်ခမ်း)မြို့မှာ အတည်ပြုလူနာ ၃၅ ဦး၊ မိုင်းပေါက်ခရိုင်မှာ ၁၁၈ ဦး၊ ဟိုတောင်းမြို့မှာ ၇ ဦး၊ မိုင်းဖျန်မြို့မှာ ၈ ဦး၊ စုစုပေါင်း ၁၅၃ ဦးရှိပါတယ်။
ပိုးတွေ့ အတည်ပြု လူနာတွေကို တရုတ်နိုင်ငံ၊ မုံးလင်မြို့ရှိ ကြက်ခြေနီအသင်းက ဆေးဝါးကျွမ်းကျင် ပညာရှင်တွေနဲ့ ‘ဝ’ ဒေသရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ကုသမှု ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ရတိုင်းထဲမှ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နဲ့ ပန်ဆန်း (ပန်ခမ်း) မြို့နယ်စတာတွေ ပါဝင်ပြီး ပန်ဆန်း (ပန်ခမ်း) မြို့ကတော့ ဗဟိုဌာနချုပ် အခြေစိုက်တဲ့ မြို့လည်း ဖြစ်ပါတယ်။
သတင်း-Pra Jaw