ရွှေနဂါးဓာတ်မြေဩဇာစက်ရုံ ပိတ်သိမ်းရေး ထောက်ခံ စက်ဘီးစီးနင်း
DVB
·
January 4, 2021
ရန်ကုန်တိုင်း၊ တွံတေး-မအူပင် ကားလမ်းဘေးမှာရှိတဲ့ ရွှေနဂါးဓာတ်မြေဩဇာစက်ရုံကို ပိတ်သိမ်းပေးဖို့ ထောက်ခံတဲ့အနေနဲ့ စက်ဘီးစီးနင်းတဲ့ ကမ်ပိန်းတစ်ခုကို ဇန်နဝါရီ ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။
Green Bike စက်ဘီးအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး စက်ဘီးစီးဝါသနာပါသူ ၄ဝ ကျော် ပါဝင်ခဲ့ပါတယ်။
ရွှေနဂါးဓာတ်မြေဩဇာစက်ရုံ ပိတ်သိမ်းပေးဖို့နဲ့ ဒီလို ဓာတ်မြေဩဇာစက်ရုံတွေကြောင့် ထိခိုက်မှုတွေကို စက်ဘီးစီးနင်းလာသူတွေကော အများပြည်သူတွေပါ သတိပြုမိလာစေဖို့ ကျင်းပရတာလို့ စီစဉ်သူ ကိုဟိန်းရာဇာက ပြောပါတယ်။
ဓာတ်မြေဩဇာစက်ရုံတွေရဲ့ အခြေအနေကို အစိုးရ၊ တောင်သူ၊ စားသုံးသူ အားလုံး သိမြင်လာပြီး အော်ဂဲနစ်သဘာဝ မြေဩဇာဘက်ကို ကူးပြောင်းလာကြဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒလကနေ စက်ရုံရှိရာ တွံတေး-မအူပင်ကားလမ်းဘေး ကန်ပတ်ရိုးရွာထိ စီးနင်းပြီး ဒေသခံတွေနဲ့ တွေ့ဆုံစကားပြောကာ အဲ့ဒီကတစ်ဆင့် တွံတေးမြို့ထိ ဆက်လက် စီးနင်းခဲ့တယ်လို့ သိရပါတယ်။
စက်ရုံက ထုတ်လွှတ်တဲ့ အနံ့ဆိုးတွေ သဘာပတ်ဝန်းကျင် ထိခိုက်မှုရှိနေပြီး ဒီဇင်ဘာ ၂၉ ရက်က ဒေသခံတွေ၊ ကျေးရွာတာဝန်ရှိသူတွေနဲ့ စက်ရုံက တာဝန်ရှိသူတွေ ကန်ပတ်ရိုးကျေးရွာမှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ပြေလည်မှုမရရှိသေးပါဘူး။
ရွှေနဂါးဓာတ်မြေဩဇာစက်ရုံက ထွက်ရှိတဲ့ အနံ့ဆိုးနဲ့ အမှုန်တွေကြောင့် ဒေသခံတွေ မူးဝေအော့အန်တာ၊ ခေါင်းမူးခေါင်းကိုက် ဇာတ်ကြောတက်တာတွေ ခံစားနေရပြီး စက်ရုံအနီး ရေကန်အရောင်ပြောင်းလဲပြီး ကျေးရွာက ကွမ်းခြံအတွင်း အရွက်တွေ ခြောက်သွေ့ လောင်ကျွမ်းတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
သတင်း - လွင်မိုးအောင်၊ ဓာတ်ပုံ - ကိုဟိန်းရာဇာ