ကိုဗစ်ကာလ FL-17 ယစ်မျိုးလိုင်စင်အခွန် အရစ်ကျစနစ်ဖြင့် ဖြေလျှော့ပေးရန် တောင်းဆို
DVB
·
January 2, 2021
မကွေးမြို့နယ်မှာ ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ဆိုင်တွေ ဆိုင်ထိုင်စနစ်နဲ့ ပြန်လည်ရောင်းချခွင့်ရတာ မကြာသေးတဲ့အတွက် FL-17 ယစ်မျိုးလိုင်စင် အခွန်ငွေ ကောက်ခံတာကို အရစ်ကျစနစ်နဲ့ ရွှေ့ဆိုင်းဖြေလျှော့ပေးဖို့ စားသောက်ဆိုင်လုပ်ငန်းရှင်အသင်းက တောင်းဆိုလိုက်ပါတယ်။
ယစ်မျိုးလိုင်စင်သမားတွေအနေနဲ့ အခွန်ငွေပေးဆောင်ရမှာကို သိရှိပေမယ့် ကိုဗစ်ကာလအတွင်းမှာ အခက်အခဲကြုံတွေ့ကြရပြီး ဆိုင်ဖွင့်ခွင့်ရတာလည်း မကြာသေးတာကြောင့် တနည်းနည်းနဲ့ ဖြေလျှော့ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုတာလို့ မကွေးမြို့ စားသောက်ဆိုင်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဌေးလင်းက ပြောပါတယ်။
မကွေးမြို့နယ်မှာ ယစ်မျိုးလိုင်စင်မျိုးစုံရရှိတဲ့ လုပ်ငန်းရှင် ၃၂၂ ဦးရှိတဲ့အနက် FL-17 လိုင်စင်ရရှိသူ ၁၃၅ ဦးခန့်ရှိပြီးတော FL-17 လုပ်ငန်းရှင်တွေ အစည်းဝေးဆုံးဖြတ်ချက်နဲ့ လက်မှတ်ရေးထိုးပြီး တောင်းဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးမြို့က စားသောက်ဆိုင်လုပ်ငန်းရှင် ဦးမြင့်ဇော်က "FL-17 ယစ်မျိုးလုပ်ငန်းရှင်တွေအနေနဲ့ တစ်နှစ်ကို အခွန်ငွေ ၈ သိန်းကျပ် ပေးဆောင်ရတာဖြစ်ပြီး ၆ လကို တစ်ကြိမ် ၄ သိန်းကျပ်စီးပေးဆောင်ရတာဖြစ်လို့ တစ်သိန်း ၄ ကြိမ်ဖြစ်ဖြစ်၊ ၂ သိန်း ၂ ကြိမ်ဖြစ်ဖြစ် အရစ်ကျနဲ့ ရက်ရွှေ့ဆိုင်း ကောက်ခံပေးဖို့တောင်းဆိုတာ ဖြစ်တယ်" လို့ ပြောပါတယ်။
ဆိုင်ခန်းမြေနေရာတွေ နှစ်ချုပ်နဲ့ ငှားရမ်းလုပ်ကိုင်ကြရပြီး ကိုဗစ်ကာလအတွင်းမှာ ဆိုင်တွေပိတ်ထားရလို့ ကျပ်သိန်း ၄၀ လောက် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
FL-17 လိုင်စင်ဆိုတာကတော့ ဆိုင်ထိုင်စနစ်နဲ့ ရောင်းချတဲ့ စည်ဘီယာ၊ ပုလင်းဘီယာ အရောင်းဆိုင်တွေအပြင်၊ စင်တင်၊ KTV၊ ဟိုတယ်၊ မိုတယ်တွေမှာ အသုံးပြုကြတဲ့ ယစ်မျိုး လိုင်စင်အမျိုးစား ဖြစ်တယ်လို့သိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ ကိုက်ညီတဲ့ စားသောက်ဆိုင်တွေကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၄ ရက်နေ့က ဆိုင်ထိုင်စနစ်နဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ယစ်မျိုးအခွန်တွေကို ဒီဇင်ဘာ ၂၀ ရက်နေ့နောက်ဆုံးထားပေးသွင်းဖို့ အကြောင်းကြားစာ ရရှိထားတယ်လို့ စားသောက်ဆိုင်လုပ်ငန်းရှင်အသင်းကနေ သိရပါတယ်။
သတင်း-မင်းထီး