ဖြူးမြို့ရဲစခန်းက အချုပ်ကျ တရားခံ ၂ ဦး ထွက်ပြေးလွတ်မြောက်
DVB
·
January 1, 2021
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့မရဲတပ်ဖွဲစခန်းမှာ ဒီဇင်ဘာ ၃၁ ရက် မနက်အစောပိုင်းက အချုပ်ကျ တရားခံ ၂ ဦး အချုပ်ဖောက်ထွက်ပြေးသွားတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
အဆိုပါတရားခံ ၂ ဦးမှာ ခိုးမှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီး အခုလက်ရှိအချိန်အထိ ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းနဲ့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး စိစစ်ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်ငြိမ်းက ဒီဗွီဘီကိုပြောပါတယ်။
"ဟုတ်ပါတယ်။ ခိုးမှုတရားခံတွေပါ။ လက်ရှိမှာတော့ စိစစ်ဆဲပါ။ ဖောက်ထွက်တာ ဟုတ်မဟုတ်ကို ပြန်စိစစ်နေပါတယ်"။
အရင်ရက်ပိုင်းက ဖြူးမြို့မရဲတပ်ဖွဲစခန်းမှာ ချုပ်နှောင်ထားတဲ့အချုပ်သားတွေကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးရာမှာ အချုပ်သားတချို့မှာ ရောဂါပိုးတွေရှိခဲ့တာကြောင့် ရောဂါပိုး မတွေ့ရှိတဲ့ အချုပ်သားတချို့ကို စခန်းဓမ္မာရုံမှာ သီးခြားခွဲ ချုပ်နှောင်ထားတာပါ။
အခုထွက်ပြေးသွားသူ အချုပ်သားနှစ်ဦးဟာ အဆိုပါဓမ္မာရုံမှာ ထားရှိထားသူတွေဖြစ်ပြီး ဓမ္မာရုံအိမ်သာခန်းရှေ့မှာရှိတဲ့ ပျဉ်ပြားတချို့ကိုခွာပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)