ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း USDP ပါတီဝန်းရံသူများ ဆန္ဒပြ
DVB
·
December 27, 2020
ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အယုံအကြည်မရှိကြောင်း မွန်ပြည်နယ်၊ သထုံမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝန်းရံသူတွေက ပါတီရုံးဝင်းအတွင်းမှာ ဒီကနေ့မနက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ပါတီထောက်ခံဝန်းရံသူအင်အား ၂၅ ဦးက လွတ်လပ်သောစုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး၊ မဲစာရင်းဆိုင်ရာ အချက်အလက်များ တရားဝင်ကူးယူခွင့် ရရှိရေး၊ UEC က ဥပဒေနဲ့အညီဆောင်ရွက်ပေးရေး စတဲ့ဗီနိုင်းချပ်တွေကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူဖြစ်တဲ့ ဦးမောင်ကြီးက “ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ သန့်ရှင်းပြီး ပွင့်လင်းမြင်သာမှုရှိခဲ့တယ်။ ပြဿနာတစ်စုံတစ်ရာလည်း မဖြစ်ခဲ့ပါဘူး။ ဒါကကောင်းမွန်တဲ့ လက္ခဏာတွေပါ။ အခု ၂၀၂၀ ရွေးကောက်ပွဲကျမှ တစ်ဖက်စောင်းနင်း လုပ်ရပ်တွေကို မြင်တွေ့နေရပေမယ့် ပြောဆိုခွင့်မရခဲ့သလို ပြည်ထောင်စုလွှတ်တော်ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းကို ကျော်လွန်ပြီး ဆောင်ရွက်ထားမှုတွေကိုပါ တွေ့မြင်ရတယ်။ ပြည်သူရဲ့ဆန္ဒကိုရယူတဲ့နေရာမှာ မဲနိုင်တာရှုံးတာက ကျနော်တို့နဲ့မဆိုင်ပါဘူး။ မှန်ကန်ပြီး တရားမျှတဖို့ အရေးကြီးပါတယ်။ ပြည်သူကို မလေးစားတဲ့ပုံစံမျိုးနဲ့ မဲလိမ်မဲခိုးတဲ့ အပြုအမူတွေကိုလုပ်ပြီး မဲအောင်နိုင်တယ်ဆိုတာက သဘာဝမကျတဲ့ကိစ္စမျိုး ဖြစ်နေလို့ ရင်ထဲရှိတဲ့ မမှန်ကန်မှုတွေကို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။
ရွေးကော်ပွဲကော်မရှင်အပေါ် အယုံအကြည်မရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က သံဖြူဇရပ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့က မုဒုံမြို့နဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က သထုံမြို့မှာလည်း ပြုလုပ်ခဲ့ကြပါတယ်။
သတင်း - ယူမင်းစိုး