ဒေးဒရဲမြို့က ကျောင်းဆရာအမှု အကြိမ် ၆၀ မြောက် ရုံးထုတ်စစ်ဆေး
DVB
·
December 26, 2020
ကျောင်းမြေ လန-၃၉ လိမ်လည်လျှောက်ထားတယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ဧရာ၀တီတိုင်း၊ ဒေးဒရဲမြို့နယ်၊ လေးကျေးရွာက ကျောင်းဆရာအမှုကို ဒီဇင်ဘာလ ၂၄ ရက်နေ့က အကြိမ် ၆၀ မြောက် ရုံးချိန်းခေါ်ယူခဲ့ပြီး ပြန်လည်စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
ရုံးချိန်းအတွင်း အစည်းဝေးမှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုးတာတဲ့ ကျောင်းဆရာလက်မှတ်ကို သက်သေအဖြစ်တင်သင့်၊ မတင်သင့် နှစ်ဘက် ရှေ့နေတွေက လျှောက်လွှဲချက်တွေနဲ့ အပြန်အလှန် အားပြိုင်ခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့ဆို ၆၀ ကြိမ်မြောက် ရုံးချိန်းပါ၊ တရားလိုဘက်က လက်မှတ်ထိုးထားတဲ့ စာအုပ်ကို သက်သေတင်တာပါ၊ ကျနော့်ရဲ့ ရှေ့နေကတော့ ကန့်ကွက်တာတွေပြုလုပ်ခဲ့ပါတယ်”လို့ ပြောပါတယ်။
လာမယ့် ၆၁ ကြိမ်မြောက်ရုံးချိန်းကို ဇန်နဝါရီလ ၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုးထားပြီး အဲ့ရုံးချိန်မှာ စွပ်စွဲခံထားရသူ ကျောင်းဆရာကြီး တွဲဘက်အလယ်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က အစည်းဝေးမှတ်တမ်းမှာ ထိုးခဲ့တဲ့လက်မှတ်ကို သက်သေအဖြစ် လက်ခံ၊ မခံကို ဆုံးဖြတ်ပေးသွားမယ်လို့ ဆိုပါတယ်။
အမှုကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့က ပုဒ်မ ၄၀၂၊ ၄၆၈ စတဲ့ ပုဒ်မတွေနဲ့ လေးကျေးရွာ ကျောင်းဆရာနဲ့ ကျောင်းအကျိုးတော်ဆောင်တို့ကို စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၄၆ ကြိမ် မြောက်ရုံးချိန်းဖြစ်တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှာ ဒေးဒရဲမြို့နယ်တရားရုံးက စွဲချက်တင်ဖို့အတွက် အမိန့်ချမှတ်ခဲ့တာပါ။
လေးကျေးရွာ ကျောင်းဆရာနဲ့ အကျိုးတော်ဆောင်ကော်မတီ၀င် တရားစွဲခံရတာနဲ့ ပတ်သက်ပြီး မတရားတရားစွဲဆိုခံရတာလို့ဆိုပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ပညာရေး၀န်ထမ်းတွေ၊ ဒေသခံပြည်သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒေးဒရဲမြို့ရဲ့ လူစည်ကားတဲ့ နေရာတွေမှာ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)