ကိုဗစ်ကူးစက်မှုများလာသဖြင့် ဆားလင်းကြီး တောကျောင်းကျေးရွာကို stay at home သတ်မှတ်
DVB
·
December 25, 2020
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းကျေးရွာအုပ်စု တောကျောင်းကျေးရွာမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု များလာတာကြောင့် stay at home နေထိုင်ဖို့ ဒီဇင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
တောကျောင်းကျေးရွာမှာ ရက်ပိုင်းအတွင်း ပိုးတွေ့လူနာ ၁၀ ဦးထိ ရှိလာတာကြောင့် အခုလိုသတ်မှတ်လိုက်တာလို့ သိရပါတယ်။
ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်က "တောကျောင်းကျေးရွာကို stay at home သတ်မှတ်တာ ဟုတ်ပါတယ်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့အထိ မြို့နယ်ကျန်းမာရေးကနေ အမိန့်ထုတ်ပြန်တာပေါ့။ မနေ့က ဒီဇင်ဘာ ၂၄ ရက် ၁ ရက်တည်း ပိုးတွေ့ လူနာ ၅ ယောက်တိုးတယ်။” လို့ ပြောပါတယ်။
တောကျောင်းကျေးရွာနေ မသန်းသန်းထွေးက "အခုလိုသတ်မှတ်လိုက်တော့ အခုလောလောဆယ်တော့ တောင်သူတွေအပါဝင် လက်လုပ်လက်စားတွေပါ ဒုက္ခရောက်နေကြတာပေါ့။ ကြက်သွန်တွေကလည်း စိုက်လျက်တန်းလန်းဖြစ်နေတာရယ် စျေးတည့်ထားတဲ့ ကုန်တွေကလည်း အယူမလာကြတော့ပိုအခက်တွေ့တာလို့" လို့ပြောပါတယ်။
တောကျောင်းကျေးရွာမှာ အိမ်ထောင်စု ၁၅၀ ကျော်ရှိပြီး လူဦးရေ ၆၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ လက်ရှိအချိန်ထိ ပိုးတွေ့လူနာ ၂၈ ယောက်ရှိပြီဖြစ်ပြီး ဆေးရုံမှာ ကုသဆဲလူနာက ၁၄ ယောက်ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။