ပုသိမ်ရဲစခန်းတွင် အချုပ်သား ၁ ဦး ပိုးတွေ့၊ ရဲနှင့်အချုပ်သား ၂၁ ဦးကို အသွားအလာကန့်သတ်
DVB
·
December 24, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မရဲစခန်းမှာ ဒီဇင်ဘာ ၂၃ ရက်နေ့က အချုပ်သား ၁ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
ရောဂါပိုးတွေ့ရှိခဲ့တဲ့ အချုပ်သားဟာ အချုပ်ခန်းထဲကို ရောက်တာ ရက်ပိုင်းလောက်သာရှိသေးတာဖြစ်ပြီး ပထမအကြိမ်စစ်ဆေးတာ ပိုးမတွေ့ခဲ့ဘဲ ဒုတိယအကြိမ်စစ်ဆေးတာမှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
"သူနဲ့ထိစပ်မိခဲ့တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အချုပ်သားတွေကို အသွားအလာကန့်သတ်ထားပါတယ်၊ ရောဂါပိုးရှိ မရှိလည်း စစ်ဆေးဖို့လုပ်နေပါတယ်။ အချုပ်သားတွေကိုတော့ သီးသန့်နေရာထားရှိ သွားမှာပါ။”
ရောဂါပိုးတွေ့ရှိခဲ့တဲ့ အချုပ်သားဟာ ပုသိမ်မြို့မှာနေထိုင်သူဖြစ်ပြီး သနပ်ခါးတုံးရောင်းတဲ့ အလုပ်လုပ်ကာ ခရီသွားရာဇဝင်နဲ့ ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့ဘူးတာမရှိဘူးလို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက် ၉ နာရီထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၁၉၂ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၃၅၅၉ ဦးရှိကာ သေဆုံးသူ ၃၅ ဦးထိ ရှိလာပြီလို့ တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မင်းထက်မုန်း (ပုသိမ်)