ကိုးကန့်ကကြံများ တရုတ်နိုင်ငံကို မေလကုန်နောက်ဆုံးထား တင်ပို့ရေး ဆွေးနွေး
DVB
·
December 24, 2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကြံများ တရုတ်နိုင်ငံကို မေလကုန်နောက်ဆုံးထား တင်ပို့နိုင်ဖို့ တရုတ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။
တရုတ်နိုင်ငံ၊ လင်ချန်းမြို့ ပြည်သူ့အစိုးရအဖွဲ့နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တို့ ချင်းရွှေဟော်မြို့၊ နှစ်နိုင်ငံ နယ်စပ်မှာ ဒီဇင်ဘာ ၂၂ နေ့က တွေ့ဆုံခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ အတူတကွပူးပေါင်းဆောင်ရွက်ရေးနဲ့ ကြံသယ်ယူပို့ဆောင်မှု အချိန်မီပြီးစီးရေးကိစ္စရပ်တွေကို ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။
ကိုဗစ်-၁၉ ရောဂါကို နှစ်ဦးနှစ်ဘက်က ထိန်းချုပ်ကြဖို့ ရည်ရွယ်ပြီး ပြည်တွင်းပြည်ပက ကြံတွေကို မိုးမကျမီ မေလကုန်အပြီးတင်သွင်းပေးဖို့နဲ့ လူအဝင်မရှိရေး၊ ကုန်ကားတွေ နယ်စပ်မှာ တစ်ဆို့မနေအောင် ပြင်ဆင်မှုတွေ ပြုလုပ်ကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ကိုဗစ်ကာလမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာ အခြားဒေသက လုပ်သားတွေကို ခေါ်ယူဖို့ မဖြစ်နိုင်တာကြောင့် ဒီနှစ်မှာ ဒေသခံလုပ်သားတွေ လုပ်ကိုင်မယ်လို့ ပြောပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကြံသီးနှံအား အဓိကထားစိုက်ပျိုးနေပြီး၊ တရုတ်နိုင်ငံကို ကြံ တင်ပို့မှုဟာ ၂၀၁၉ ခုနှစ်မှာ တန်ချိန် ၃၉၀၀၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။ ၂၀၂၀ မှာ ဧကပေါင်း ၁၄၀၀၀ လောက် စိုက်ပျိုးထားပြီး အထွက်နှုန်း တန်ချိန် ၄ သိန်းဝန်းကျင်ရှိမယ် လို့ သိရပါတယ်။
နန်းစံပယ်