မြန်မာအများစုနေထိုင်ရာ စမွတ်စာခွန်ခရိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိလာ
DVB
·
December 22, 2020
ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၂၄၂ ယောက် ထပ်မံတွေ့ရှိခဲ့ရပြီးနောက် မြန်မာလုပ်သား အများစုနေထိုင်ရာ ထိုင်းနိုင်ငံ၊ စမွတ်စာခွန်ခရိုင်မှာ ဒီကနေ့ နေ့လယ် ၁ နာရီအထိ ပိုးတွေ့လူနာပေါင်း ၁,၀၀၀ ကျော် ရှိလာခဲ့ပြီလို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
စမွတ်စာခွန်ခရိုင်အုပ်ချုပ်ရေးမှူး ဝီရာဆက်ခ် ဝီချစ်ဆန်ဆရီက ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ အရေအတွက်ဟာ ၁,၀၆၃ ယောက်ရှိလာပြီး ၂၇ ဒသမ ၉၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုရှိမရှိ စမ်းသပ်စစ်ဆေးမှုပေါင်း ၆,၁၅၆ ယောက်ကို လုပ်ဆောင်ခဲ့ရာမှာ ၃,၈၀၈ ယောက်ရဲ့ ရလဒ်အဖြေတွေကို သိရှိခဲ့ရပြီး ဖြစ်ကာ ၂,၃၄၈ ယောက်ရဲ့ အဖြေတွေကတော့ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါပိုးတွေ့ရှိသူတွေရဲ့ ၉၀ ရာခိုင်နှုန်းကတော့ ဒေသတွင်း နေထိုင်ကြတဲ့ မြန်မာ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကြပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာတော့ ပထမနေ့မှာ ၄၀ ရာခိုင်နှုန်းကျော် ရှိခဲ့ရာကနေ ၂၇ ဒသမ ၉၁ ရာခိုင်နှုန်းကို ကျဆင်းသွားခဲ့တာပါ။
လတ်တလောမှာတော့ ဒေသတွင်း နေထိုင်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါစစ် ဆေးမှုခံယူဖို့အတွက် လူပေါင်းထောင်နဲ့ချီ တန်းစီစောင့်ဆိုင်းနေကြရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း