မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ထမ်း တစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့
DVB
·
December 21, 2020
မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ထမ်း တစ်ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက DVB ကို အတည်ပြုပြောဆိုပါတယ်။
ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဌာနခွဲ ရုံးအုပ် အမျိုးသမီးဝန်ထမ်းဟာ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ မော်လမြိုင် Fever clinic မှာ သွားရောက်စစ်ဆေးခဲ့ရာမှ ရောဂါပိုး တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ရောဂါပိုး တွေ့ရှိခဲ့တဲ့ ဝန်ထမ်းဟာ ၂ ပတ်တစ်ကြိမ် ရုံးတက်ရတဲ့ သူတွေထဲမှာ ပါဝင်ခဲ့ပြီး သူမ နေအိမ်မှာ ရှိစဉ်ကာလအတွင်း ရောဂါပိုးတွေ့ရှိခဲ့တာလို့ ဦးမြင့်သန်းဝင်းက ပြောပါတယ်။
ဒါကြောင့် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးရဲ့ ရုံးလုပ်ငန်းစဉ်တွေကို ပုံမှန်အတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးဟာ လက်ရှိမှာတော့ အပြင်လူဝင်ခွင့် ကန့်သတ်ထားတဲ့အပြင် ရုံးစာပေး စာယူကိစ္စရပ်တွေအတွက်လည်း ရုံးအတွင်းထဲအထိ ပေးမဝင်ဘဲ ရုံးအပြင်မှာ လက်ခံ ဆောင်ရွက်နေတာပါ။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ကာလတွေတုန်းက ကျန်းမာရေးဝန်ထမ်းတွေ၊ ရဲဝန်ထမ်းတွေနဲ့ သစ်တောဦးစီးဌာန ဝန်ထမ်းတွေမှာ ရောဂါပိုး တွေ့ရှိခဲ့ဖူးပါတယ်။
ဇော်လွင်ထွဋ်