မြန်မာ့ပထမဆုံး အပျော်စီးလေယာဉ်ခရီးစဉ် စတင်ပျံသန်း
သူဇာလင်း
·
December 20, 2020
ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ပြည်သူတွေ ခရီးသွားလာနိုင်ဖို့ ရည်ရွယ်ပြီး မြန်မာ့ပထမဆုံး အပျော်စီးလေယာဉ်ခရီးစဉ် Non Landing Sightseeing Flights Tour ကို ဒီနေ့မနက် စတင်ပျံသန်းပြေးဆွဲပေးနေပါတယ်။
ဒီခရီးစဉ်ကိုတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ လေယာဉ်ထွက်ခွာပြီး ဘယ်နေရာကိုမှ ဆိုက်ကပ်တာမျိုးမလုပ်ဘဲ ကျိုက်ထီးရိုး-ဘားအံ (ဇွဲကပင်တောင်) ပတ်ဝန်းကျင်ကို ဝေဟင်ကနေ လည်ပတ်ကြည့်ရှုနိုင်မှာဖြစ်ပြီး အချိန်တစ်နာရီကျော်မြင့်မှာလည်း ဖြစ်ပါတယ်။
ကိုဗစ်ကာလ ရပ်နားထားခဲ့ရတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့ အခုလို အပျော်စီးလေယာဉ်ခရီးစဉ်ကို စီစဉ်တာလို့ တိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောပါတယ်။
ခရီးစဉ်လိုက်ပါမယ့် ခရီးသွားတွေကတော့ ၃ ရက်အတွင်း ကိုဗစ်-၁၉ ကင်းရှင်းကြောင်း စစ်ဆေးထားတဲ့ ကျန်းမာရေးထောက်ခံစာ ပါရှိဖို့ လိုအပ်သလို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စည်းကမ်းချက်တွေနဲ့အညီ စီးနှင်းရမှာလည်း ဖြစ်ပါတယ်။
နောက်ထပ်လည်း ခရီးသွားအခြေအနေကိုကြည့်ပြီး မန္တလေးလေဆိပ်ကနေ ပုဂံ၊ အင်းလေးခရီးစဉ်ကို တိုးချဲပျံသန်းသွားဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
အပျော်စီးခရီးစဉ်အတွက် လေယာဉ်လက်မှတ်ဝန်ဆောင်ခကတော့ ပြတင်းပေါက်နား ထိုင်ခုံအတွက် ကျပ် ၉ သောင်းနဲ့ အလယ်ထိုင်ခုံအတွက် ကျပ် ၆ သောင်း သတ်မှတ်ထားပြီး ဒီနေ့ခရီးစဉ်မှာ လူဦးရေ ၃၅ ဦး လိုက်ပါလည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှာလည်း ရန်ကုန်မြစ်တလျှောက် လည်ပတ်နိုင်မယ့် အပျော်စီးသင်္ဘောခရီးစဉ်ကိုလည်း ပြေးဆွဲပေးသွားမယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။