Home
မြန်မာသတင်း
တိုက်ပွဲရပ်တန့်ရေးနှင့် မကျင်းပဖြစ်သည့် နေရာများတွင် ရွေးကောက်ပွဲပြန်ကျင်းပရေး CSSU ဆွေးနွေး
DVB
·
December 20, 2020
CSSU Online Meeting
ရှမ်းထိပ်သီးခေါင်းဆောင်တွေ တက်ရောက်တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အွန်လိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက်ကနေ ဒီဇင်ဘာ ၁၉ ရက်နေ့ထိ ပြုလုပ်ခဲ့ပြီး တိုက်ပွဲတွေ ရပ်တန့်ရေးနဲ့ မကျင်းပဖြစ်ခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲ ပြန်ကျင်းပရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီအစည်းအဝေးမှာ ၂၁ ရာစုပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကိစ္စ၊ အထွေ‌ထွေ ရွေးကောက်ပွဲကိစ္စ၊ ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ဖို့ကိစ္စ၊ BRI_CMEC ကိစ္စတွေနဲ့ လက်ရှိ တိုက်ပွဲတွေ ရပ်တန့်နိုင်‌ရေး ကိစ္စရပ်တွေ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ CSSU ကိုယ်စား SNLD ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်း‌ကျော်ညွန့်က ပြောပါတယ်။  ဒါ့အပြင် မပြီးပြတ်သေးတဲ့ တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရမယ့် နည်းလမ်းတွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  စီမံကိန်းတွေကြောင့် ဖြစ်ပေါ်လာမယ့် ပဋိပက္ခတွေ၊ ရှမ်းပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ မလုံခြုံမှုတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း ရေးသားထားပါတယ်။  ရှမ်းခေါင်းဆောင်တွေဟာ ၂၀၁၆ က မီကာဆာဟိုတယ်မှာ တွေ့ဆုံဖို့ စီစဉ်ပွဲဖျက်ခံရကတည်းက ခုမှ ပြန်တွေ့ကြတာလည်း ဖြစ်ပါတယ်။  ဗိုလ်ချုပ်ဆေထင်၊ SSJAC အဖွဲ့ဝင် စိန်ကျော့ပြည်သူ့စစ်က စဝ်ကိုင်ဖ၊ RCSS ဘက်က တာဝန်ရှိသူ‌တွေလည်း တက်ရောက်လာတဲ့အတွက် အွန်လိုင်းဆိုပေမယ့် ထူးခြားတဲ့အချက်ပါလို့ စိုင်းကျော်ညွန့်က ပြောပါတယ်။  သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ကို ၂၀၁၃ က စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ စိန်ကျော့ပြည်သူ့စစ် တို့ပါဝင်တဲ့ SSJAC ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ ရှမ်းအမျိုးသမီး ဆက်သွယ် ဆောင်ရွက်ရေးအဖွဲ့ SWAN တို့ ပါဝင်ပါတယ်။ Photo : SSPP Info
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024