Homeမြန်မာသတင်း
ပဲခူးအမှတ် ၂ ရဲစခန်းက တပ်ဖွဲ့ဝင် ၂ ဦးနှင့် အချုပ်သား ၁၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်တွေ့
ပဲခူးအမှတ် ၂ ရဲစခန်းက တပ်ဖွဲ့ဝင် ၂ ဦးနှင့် အချုပ်သား ၁၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်တွေ့
DVB
·
December 15, 2020
အချုပ်သားတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လို့ Lockdown ချထားတဲ့ ပဲခူးအမှတ် ၂ ရဲစခန်းကနေ နောက်ထပ် အချုပ်သား ၁၇ ဦးနဲ့ တပ်ဖွဲ့ဝင် ၂ ဦးတို့မှာ ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့တယ်လို့ ပဲခူးခရိုင်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ပဲခူးမြို့အမှတ် ၂ ရဲစခန်းက အချုပ်သား ၆ ဦးနဲ့ တပ်ဖွဲ့ဝင် ၁ ဦးရဲ့ဇနီး မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် အဲဒီအမှတ် ၂ စခန်း ၁ ခုလုံးကို Lockdown ချခဲ့ပါတယ်။
အခုလည်း အဲဒီရဲစခန်း အချုပ်မှာ ကျန်ခဲ့တဲ့ သူတွေနဲ့ တပ်ဖွဲ့ဝင်တချို့ကို ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့က စစ်ဆေးတဲ့အခါမှာ အချုပ်သား ၁၇ ဦးနဲ့ တပ်ဖွဲ့ဝင် ၂ ဦးတို့မှာလည်း ရောဂါကူးစက်ခံရတာ စစ်ဆေးတွေ့ရှိခဲ့တာပါ။
အဲဒီအတွက် အမှတ် ၂ စခန်းကို ဒီဇင်ဘာ ၂၆ ရက်နေ့လောက်အထိ Lockdown ထပ်ချမှာဖြစ်ပြီး ကျန်နေတဲ့အချုပ်သား ၇ ယောက်လောက်ကိုတော့ အင်းတကော်ရဲစခန်းအချုပ်ကို ပြောင်းရွေ့ထားမယ်လို့သိရပါတယ်။
ပဲခူးအမှတ် ၁ ရဲစခန်းမှာ ညမထွက်ရအမိန့်ထုတ်ထားပေမဲ့ လိုက်နာမှုမရှိလို့ အဖမ်းခံရသူတွေ ထဲက ၁ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် ကျန်တဲ့သူတွေကို ကွာရန်တင်း ၁ ခုမှာပို့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့က စစ်ဆေးတဲ့အခါမှာ နောက်ထပ် ၁၂ ဦးမှာ ထပ်မံပိုးတွေ့ရှိခဲ့ပါတယ်။
လတ်တလောမှာတော့ ပဲခူးအမှတ် ၁ ရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင် ၃ ဦးလည်း ကွာရန်တင်းဝင်ရ တယ်လို့ ပဲခူးမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်ရှိန်းက ပြောပါတယ်။
ပိုးတွေ့အချုပ်သားတွေကိုတော့ ပဲခူးကလိဆေးရုံကို ပို့ဆောင်ကုသမှာဖြစ်ပြီး သူတို့ကို သာမန်ပိုးတွေ့ လူနာတွေလိုထားလို့မရနိုင်တဲ့အတွက် အချုပ်သားတွေအတွက် သီးသန့်ထားပြီး ကုသနိုင်တဲ့ အခန်းမျိုးပြင်ဆင်ပြီး ပို့ဆောင်ကုသသွားမယ်လို့သိရပါတယ်။
သတင်း - အောင်စိုးမိုး