ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခွင့်ပြု
သူဇာလင်း
·
December 13, 2020
ပြည်တွင်းလေကြောင်းလိုင်းတွေ ပြေးဆွဲမှုကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး ပြန်လည်ခွင့်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်း ပြန်လည်ဖြစ်ပွားတဲ့ အချိန်ကာလအတွင်းမှာ ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ ပြည်တွင်းမှာ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေပါ ရပ်နားထားခဲ့ပါတယ်။
ဒါပေမဲ့ လာမယ့် ဒီဇင်ဘာလ ၁၆ နေ့မှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လေကြောင်းလိုင်း ၆ လိုင်းကို ပြန်လည်ခွင့်ပြုဖို့ ညွှန်ကြားထားတယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေဝင်းက ပြောပါတယ်။
ပြည်တွင်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေကတော့ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ Air KBZ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)၊ အဲသံလွင်၊ မန်းရတနာပုံလေကြောင်းလိုင်း နဲ့ ရွှေမြန်မာလေကြောင်းလိုင်း တို့ပဲ ဖြစ်ပါတယ်။
လေယာဉ်စီးနှင်းမယ့် ခရီးသွားသည်တွေကတော့ ကျန်းမာရေးကောင်းမွန်ပြီး ၃ ရက်အတွင်း စစ်ထားတဲ့ ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံစာပါရှိဖို့ လိုအပ်သလို၊ လေယာဉ်ပေါ် တက်တဲ့အချိန်မှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ပြီး လေကြောင်းလိုင်းတွေက စီးနင်းခွင့်ပြုသွားမယ်လို့ Air KBZ လေကြောင်းလိုင်း အထွေထွေမန်နေဂျာ ဒေါ်ခင်စိုးဝင်းက ပြောပါတယ်။
ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေကတော့ ရန်ကုန်-မန္တလေးကို အများဆုံး ပျံသန်းနေတာ ဖြစ်ပြီး စစ်တွေ၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ကော့သောင်း စတဲ့ မြို့ပေါင်း ၁၇ မြို့လောက်ကို ပြေးဆွဲပြန်သန်းနေတာပါ။
ဒါ့အပြင် နိုင်ငံတကာကို ပျံသန်းပြေးဆွဲမယ့် ခရီးစဉ်တွေကိုလည်း မကြာခင်အချိန်မှာ ပြန်လည်ခွင့်ပြုဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးက ပြောပါတယ်။